ဟာလန်း ပိုကောင်းလာမယ့် အကြောင်းနဲ့ ဒီဘရိုင်း အခြေအနေတို့အား ပြောကြားသွားတဲ့ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဟာလန်းတစ်ယောက် အခုရာသီသစ်မှာ ပိုကောင်းလာဦးမှာဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ဘက်နောက်တန်းတွေကို သတိပေးစကားဆိုလိုက်ပါတယ်။

ဟာလန်းဟာ ယိုကိုဟားမားအသင်းကို ၅-၃ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အရန်ခုံကနေ လူစားဝင်လာပြီး ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက နော်ဝေသားဟာ ၅၂ ဂိုးအထိ စံချိန်တင်သွင်းယူနိုင်ခဲ့ပြီး စီးတီးကို မပြောင်းခင် ဒဏ်ရာ အနည်းငယ်ရရှိခဲ့နေခဲ့ကာ ဂွါဒီယိုလာက အခုရာသီသစ်မှာ ပိုကောင်းလာဦးမယ်လို့ ယုံကြည်နေပါတယ်။

“ပြီးခဲ့တဲ့ရာသီတုန်းကနဲ့ ယှဉ်မယ်ဆိုရင် အခုရာသီသစ်မှာ သူပိုအံဝင်လာနိုင်ပါတယ်။ ပိုလုပ်နိုင်လိမ့်မယ် လို့လည်း ကျွန်တော် သိနေပါတယ်။ သူ့ကိုကြည့်ရတာ အဆင်ပြေပါတယ်။

ဒါပေမယ့် အကောင်းဆုံးအနေအထားဖြစ်ဖို့တော့ လိုနေပါသေးတယ်။ အသင်းမှာ အထိုင်ကျဖို့လည်း အရေးကြီးသလို သူဘာလုပ်ချင်လဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေကထက်တော့ အခြေအနေ အနည်းငယ်ပိုကောင်းလာခဲ့ပါပြီ။ ပထမဆုံးပွဲမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့တာက အရေးပါပါတယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာက ဒီဘရိုင်း တစ်ယောက် လာမယ့် ဘိုင်ယန်နဲ့ တီကိုပွဲတွေမှာ ပါဝင်လာနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ ဘယ်လ်ဂျီယံသားဟာ စီးတီးအသင်းကို သမိုင်းဝင်ဖလား ၃ လုံးချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့ပြီးနောက် တံကောက်ကြော ဒဏ်ရာကြောင့် ၂ လလောက်နားနေရတာဖြစ်ပါတယ်။

အာရှခရီးစဉ်ကို လိုက်ပါခဲ့ပေမယ့် “ဒီဘရိုင်းတစ်ယောက် သီးသန့်လေ့ကျင့်ခန်းဆင်းနေပြီး ရာသီအစ ပွဲစဉ်တွေကို လွဲချော်မှာ စိုးရိမ်နေကြပါတယ်။ သူအဆင်ပြေပါပြီ။ ပိုကောင်းလာပါပြီ။ ပွဲတွေအကြောင်း ကျွန်တော် မသိပါဘူး။ သူတစ်ယောက်တည်းလေ့ကျင့်ခန်းဆင်းနေပါတယ်။ ဒါပေမယ့် သူပြန်လာနိုင်ဖို့ နီးစပ်လာပါပြီ”လို့ ဂွါဒီယိုလာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

စီးတီးဟာ ရာသီကြိုခြေစမ်းပွဲအပြီးမှာ အာဆင်နယ်အသင်းနဲ့ ကွန်မြူနတီဖလားပွဲရင်ဆိုင်ရမှာဖြစ်ပါတယ်။