မန်စီးတီးကို ပြန်တွယ်ချင်လို့ မန်ယူအသင်းထံ ပြောင်းလာခဲ့တာ ဆိုတဲ့ အင်တာ ဂိုးသမားဟောင်း အိုနာနာ

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေမှာ အင်တာမီလန် အသင်းထံကနေ ဂိုးသမား အိုနာနာ ကို ပြောင်းရွှေ့ကြေး ပေါင် ၄၃ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

အင်တာမီလန်နဲ့ အတူ ပြီးခဲ့တဲ့ရာသီက အထူး လက်စွမ်းပြခဲ့တဲ့ ဂိုးသမား အိုနာနာဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ မန်စီးတီးကို အရေးနိမ့်ခဲ့တဲ့အပေါ် အခုထိ အခဲမကျေနိုင်ဖြစ်နေပြီး လက်စားချေဖို့ရာ ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်လည်း မန်ချက်စတာယူနိုက်တက်နဲ့အတူ မန်စီးတီးကို အနိုင်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ သူနဲ့ နီးစပ်သူတွေက ပြောဆိုခဲ့ကြောင်း The Athletic က ဖော်ပြထားပါတယ်။

အိုနာနာ ဟာ ဒီနေ့ နံနက်ပိုင်းက မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲဦးထွက် အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ ခြေစမ်းပွဲမှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲဦးကတော့ အဖွင့်မလှခဲ့ဘဲ မန်ယူအသင်းကပဲ ၂-၀ နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးဟာ ပြီးခဲ့တဲ့ရာသီက အင်တာကို အနိုင်ယူပြီး ဥရောပ ချန်ပီယံ အဖြစ် ဗိုလ်စွဲထားခဲ့ပေမယ့် ပြည်တွင်း မြို့ခံ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကတော့ ကာရာဘောင်းဖလားနဲ့ သာ ကျေနပ်နေခဲ့ရတာပါ။

အိုနာနာက စီးတီးကို ပြန်တွယ်ဖို့ အားခဲထားပေမယ့် အင်အားတောင့်တင်းလွန်းနေတဲ့ ဖလား ၃ လုံး ချန်ပီယံ အသင်းကို စိတ်ပျက်စေနိုင်ပါ့မလား မသေချာလှပါဘူး။