ဘာနာဒို ဆေးလ်ဗား အတွက် ၇၅ သန်း ပေးမယ် ဆိုပြီး ဉာဏ်များဖို့ ကြံစည်လာတဲ့ ဘာစီလိုနာ အသင်း

ဘာစီလိုနာနဲ့ မန်စီးတီးကြားက ဘာနာဒို ဆေးဗား အပြောင်းအရွှေ့ကိစ္စ ပြန်လည် စတင်လာဖွယ် ရှိနေတယ်လို့ စပိန်သတင်းတွေကနေ ဖော်ပြလာနေပါတယ်။

ဘာစီလိုနာဟာ တိုက်စစ်သမား ဒမ်ဘီလီကို ပီအက်စ်ဂျီအသင်းထံ လက်လွတ်ရဖွယ် ရှိနေတာပါ။ ကက်တလန်ကလပ်ကတော့ ဒမ်ဘီလီမရှိတော့ရင် သူတို့အသင်းအတွက် ဘာနာဒိုကို အားဖြည့်ခြင်းကပဲ ပိုကောင်းတဲ့ ရွေးချယ်မှုဖြစ်လာမယ် ယုံကြည်နေပါတယ်။

ဥရောပဘဏ္ဍာရေးစည်းမျဉ်း FFP ကို ချိုးဖောက်ခြင်း မရှိဖို့ရာ ဘာစီလိုနာရဲ့ အသုံးစရိတ်က အကန့်အသတ် ရှိနေပြီး ၎င်းတို့ကတော့ သုံးနိုင်တဲ့ ငွေကြေးတွေကို ဘာနာဒိုအတွက် ကမ်းလှမ်းသွားဖို့ စီစဉ်နေပါတယ်။

ဘာစီလိုနာ ရည်မှန်းထားတဲ့ ပြောင်းရွှေ့ကြေးဟာ ယူရို ၆၅ သန်း + ယူရို ၁၀ သန်း ဖြစ်ပြီး ကနဦး ကမ်းလှမ်းမှုမှာ အဲ့ပမာဏတော့ ပေးဦးမှာ မဟုတ်ပါဘူး။ သွေးတိုးစမ်းမှု အဆင်ပြေလို့ မန်စီးတီးဘက်က ဘာနာဒို ဆေးဗားကို ရောင်းထုတ်မယ်ဆိုရင် ဘာစီလိုနာရဲ့ အကောင်းဆုံး ကမ်းလှမ်းမှုတွေ ရှိလာမှာပါ။

မန်စီးတီးဘက်ကတော့ ဘာနာဒိုဟာ ရောင်းရန် မဟုတ်တဲ့ ကစားသမားလို့ ယတိပြတ် စိတ်ပိုင်းဖြတ် ထားပါတယ်။ ၎င်းတို့ကတော့ ပေါ်တူဂီ ကွင်းလယ်လူအတွက် ညိနှိုင်းစကားပြောမှု လုပ်ပေးသွားဖို့ အစီအစဉ် မရှိပါဘူး။

အပြောင်းအရွှေ့ ဈေးကွက် နောက်ဆုံးလကို ရောက်လာနေပြီဖြစ်ကာ အဓိက ကစားသမား အချို့ကို လက်လွတ်ရရင် ပြန်အစားထိုးဖို့ရာ အချိန် နောက်ကျနေပြီမို့ မန်စီးတီးဘက်က ဘာနာဒိုကို လုံးဝ လက်မလွတ်လိုဘူးလို့ သိထားရတာ ဖြစ်ပါတယ်။