ဘာနာဒိုနဲ့ ဒီဘရိုင်းတို့ ပရိသတ်၊ ဘရာဇီး ကွင်းလယ်ကြယ်ပွင့်အား မန်စီးတီး ကမ်းလှမ်းမှုကြီး ပြုလုပ်ထား

မန်ချက်စတာစီးတီးအသင်းဟာ ဝက်စ်ဟမ်းကွင်းလယ်ကစားသမား လူးကပ်စ်ပါကွီတာကို ပေါင်သန်း ၇၀ နဲ့ကမ်းလှမ်းလိုက်ကြောင်း ဘရာဇီးလ်သတင်းတွေအရ သိရှိရပါတယ်။

လွန်ခဲ့တဲ့တစ်နှစ်က လိုင်ယွန်မှ ဝက်စ်ဟမ်းသို့ ပေါင် ၅၁ သန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ ပါကွီတာ ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အထင်ကြီးလောက်စရာခြေစွမ်းကို ပြသထားနိုင်ခဲ့တာဖြစ်ပါတယ်။

GloboEsporte ရဲ့အဆိုအရ ယခုအခါမန်စီးတီးဟာ ဘရာဇီးလ်ကွင်းလယ်ကစားသမားအတွက် ပေါင်သန်း ၇၀ နဲ့ကမ်းလှမ်းထားသော်လည်း ဝက်စ်ဟမ်းအသင်းက ပယ်ချနိုင်ပြီး ပိုမိုမြင့်မားတဲ့ တန်ကြေးကို ‌တောင်းဆိုနိုင်ဖွယ်ရှိကြောင်း သိရှိရပါတယ်။

ပြီးခဲ့တဲ့နွေရာသီကတည်းက ဂွါဒီယိုလာဟာ အသင်းရဲ့ ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားနေရာမှာ အစားထိုးဖို့ ပါကွီတာကို ပစ်မှတ်ထားနေတာဖြစ်ပေမယ့် ပေါ်တူဂီလက်ရွေးစင်က မန်စီးတီးမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဘာနာဒိုဆေးလ်ဗားဟာ ယခုနွေရာသီမှာ လာလီဂါကလပ် ဘာစီလိုနာရဲ့ ထိပ်တန်းပစ်မှတ်တွေထဲမှာ ပါဝင်နေသော်လည်း မန်စီးတီးမှာပဲ ဆက်နေရန်စိတ်အားထက်သန်နေပြီး မန်စီးတီးကလည်း ကစားသမားကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ ဆန္ဒရှိနေတာကြောင့်စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းသွားတော့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က Betway Brasil နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပါကွီတာက ၎င်းရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ရာသီမှာ အကြိုက်ဆုံး အားကစားကွင်းက မန်စီးတီးရဲ့အိမ်ကွင်း အီတီဟတ်ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် ဘာနာဒိုဆေးလ်ဗားနဲ့ ကယ်ဗင်ဒီဘရိုင်းတို့ဟာ အကြိုက်ဆုံး ကစားသမားတွေဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပါကွီတာက”ကျွန်တော်ကြိုက်တဲ့ ကစားသမားတွေက ဘာနာဒိုဆေးလ်ဗားနဲ့ ကယ်ဗင်ဒီဘရိုင်းပါ။ သူတို့က ပွဲရဲ့အခြေအနေကို နားလည်လွယ်ကြပါတယ်။ ဘောလုံးပေးတဲ့နေရာမှာလည်း အရမ်းပါးနပ်ကြတယ်။

ဘယ်အချိန်မှာ အရှိန်မြှင့်ပြီး ဘယ်အချိန်မှာ ဘောလုံးကိုင်ထားရမယ်ဆိုတာလည်း သိကြပါတယ်။ ပြီးတော့ ဘောလုံးကိုလွယ်လွယ်ကူကူပေးပို့နိုင်တဲ့ကစားသမားတွေဖြစ်လို့ ကျွန်တော်ကတော့ သူတို့ကိုအမြဲတမ်း အတုယူနေရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ပပ်ဂွါဒီယိုလာဟာ ယခုနွေရာသီမှာ ဂွမ်ဒိုဂန်နဲ့ မာရက်ဇ်တို့လို အဓိက ကစားသမားနှစ်ဦးကို ဆုံးရှုံးထားရတာကြောင့် ချဲလ်ဆီးကွင်းလယ်လူ ကိုဗာဆစ်ကိုခေါ်ယူပြီး အားဖြည့်ထားသော်လည်း နောက်ထပ်တိုက်စစ်အားသန်တဲ့ ကစားသမားတွေကိုထပ်မံရှာဖွေနေတာဖြစ်ပါတယ်။