ပက် ကြောင့် မတတ်နိုင်တော့တဲ့ ဘိုင်ယန်နဲ့ ဆုံးဖြတ်ချက်တွေ ပြောင်းလဲလိုက်တဲ့ ကိုင်လီဝေါ်လ်ကာ
မန်ချက်စတာစီးတီးနောက်ခံလူ ကိုင်လီဝေါ်လ်ကာက ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့် ယခုအခါမှာတော့ မန်စီးတီးနဲ့ ၁ နှစ်သက်တမ်းတိုး စာချုပ်ကိုချုပ်ဆိုတော့မယ်လို့ သိရှိရပါတယ်။
ဘိုင်ယန်နည်းပြ သောမတ်စ်တူချယ်က အင်္ဂလန်လက်ရွေးစင်ကစားသမားကိုခေါ်ယူဖို့ စိတ်အား ထက်သန်နေသော်လည်း ဝေါ်လ်ကာက မန်စီးတီးမှာပဲ ဆက်နေဖို့ဆန္ဒရှိနေတာကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖွယ် မရှိတော့ဘူးလို့ သတင်းရင်းမြစ်များအရ သိရှိရပါတယ်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာရဲ့ ဝေါ်လ်ကာကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းလိုစိတ်က ဘိုင်ယန်ရဲ့ မျှော်လင့်ချက်တွေကိုအဆုံးသတ်စေခဲ့တယ်လို့ ဆိုပါတယ်။
ဂွါဒီယိုလာက ကစားသမားကို အသင်းရဲ့အောင်မြင်မှုတွေ အတွက် အရေးကြီးတဲ့ ဦးဆောင်သူအဖြစ် ရှုမြင်ထားပြီး နောက်ခံလူကလည်း အသက်-၃၃ နှစ်အရွယ်ဖြစ်ပေမယ့် ကြံ့ခိုင်မှု အလွန် အားကောင်းတာကြောင့် အသင်းအတွက် အရေးကြီးတဲ့အစိတ်အပိုင်းအဖြစ်ပါဝင်နေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဝေါ်လ်ကာရဲ့စာချုပ်က ဆိုင်းငံ့ထားဆဲဖြစ်သော်လည်း မကြာမီအချိန်အတွင်းမှာပဲ သမိုင်းဝင် ဖလားသုံးလုံးချန်ပီယံတွေနဲ့တူတူ ကစားသမားဘဝကို ဆက်လက်ဖြတ်သန်းသွားဦးမှာဖြစ်ပါတယ်။
မကြာသေးခင်ကလည်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဝေါ်လ်ကာကို အသင်းမှာဆက်ရှိနေဖို့ ဆန္ဒရှိကြောင်းပြောဆိုခဲ့ပြီး အသင်းအတွက် ညာနောက်ခံလူရဲ့ အရေးပါမှုတွေကို မီးမောင်းထိုးပြခဲ့ပါတယ်။
သတင်းထောက်တွေကို ဂွါဒီယိုလာက”ဝေါ်လ်ကာနဲ့ ဘာနာဒိုအတွက် ကျွန်တော်ဘာပြောနိုင်မှာလဲ။ သူတို့က အသင်းအတွက် အရမ်းအရေးပါပါတယ်။ သူတို့ကို အသင်းမှာဆက်ရှိနေစေချင်တယ်။ သူ့တို့အသင်းမှာ ဆက်ရှိနေဖို့ ဘာမဆိုလုပ်သွားမှာပါ။ သူတို့နေရာမှာအစားထိုးနိုင်ဖို့က အလွန် ခက်ခဲပါတယ်” လို့ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒီ နောက်ပိုင်းနှစ်များမှာ ဝေါ်ကာဟာ မန်စီးတီးအတွက် အလွန်အရေးပါတဲ့ကစားသမားဖြစ်လာခဲ့ပြီး ပရီးမီးယားလိဂ် ဆုဖလားကို သုံးနှစ်ဆက်တိုက်ရရှိခဲ့ရုံမက ကာလရှည်ကြာစောင့်ဆိုင်းနေခဲ့ရတဲ့ ချန်ပီယံလိဂ် ဖလားကိုလည်း ပြီးခဲ့တဲ့ရာသီကပဲ ကိုင်မြှောက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။
ဝေါ်လ်ကာဟာ တော့တင်ဟမ်မှ မန်စီးတီးသို့ ပေါင် ၅၄ သန်းနဲ့ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၂၅၅ ပွဲကစားထားကာ ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူတွေကတစ်ဦးအဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဝါရင့်ကြယ်ပွင့်ဟာ အင်တာမီလန်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အရန်ခုံသာ ထိုင်ခဲ့ရတာကြောင့် စိတ်ပျက်နေပြီး အသင်းကနေထွက်ခွာတော့မယ်လို့ ကောလဟာလတွေ ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။
သို့သော် ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အာဆင်နယ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ မန်စီးတီးရဲ့ အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ပါဝင်လာတာကြောင့် အသင်းနဲ့စာချုပ်သက်တမ်း တိုးတော့မယ့် သတင်းတွေ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
