ဂွာဒီယိုလာ နဲ့ ဖြစ်တဲ့ ကိစ္စ အပေါ် ဘယ်လို သဘောထားသလဲ ပွင့်ပွင့်လင်းလင်း ပြောလာတဲ့ ဟာလန်း
နည်းပြ ဂွါဒီယိုလာက တစ်ခါတလေကျရင် အဲဒီလိုပဲ ဖြစ်တတ်ပါတယ်လို့ မန်စီးတီး တိုက်စစ်မှူး အာလင်းဟာလန်းက ဘန်လေနဲ့ပွဲက အဖြစ်အပျက် အပေါ် မှတ်ချက်ပြုလိုက်ပါတယ်။
ဘန်လေကို ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ နော်ဝေသား တိုက်စစ်မှူးဟာ စီးတီးအတွက် ပထမပိုင်းမှာတင် ၂ ဂိုးအထိသွင်းနိုင်ခဲ့ပြီး ပုံစံကောင်းလည်း ရခဲ့ပေမဲ့ ဂွါဒီယိုလာကတော့ မကျေနပ်တဲ့ အမူအရာနဲ့ အပြစ်တင်ခဲ့ပါတယ်။
စပိန်သားနည်းပြဟာ ပထမပိုင်းအပြီး ဥမင်လိုဏ်ခေါင်းထဲကို ပြန်လာတဲ့ ဟာလန်းဆီကို အရောက်သွားပြီး ဆွဲလားရမ်းလား လုပ်သလို အော်ဟစ် ပြောဆိုတာမျိုးတွေကိုလည်း တွေ့ခဲ့ရပြီး ဒီအဖြစ်အပျက်ကို အမိအရ မှတ်တမ်းတင်နေတဲ့ ရုပ်သံကင်မရာ တစ်လုံးကိုလည်း ပုတ်ချပစ်ခဲ့ပါသေးတယ်။
ဒီလို လူမြင်မကောင်းတဲ့ အဖြစ်မျိုး ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဟာလန်းက ပြန်ရှင်းခဲ့တဲ့ နေရာမှာတော့ –

” အဲဒါက နောက်ဆုံးအချိန်မှာ ဖြစ်သွားတဲ့ ကိစ္စကြောင့်ပါ။ ဘာနာဒိုဆေးလ်ဗားက ကျွန်တော့်ကို ဘောလုံး မပေးဘဲ ဆော့နေတာ။
ပက်က ကျွန်တော့်အပေါ်မှာ နည်းနည်းတော့ ပလပ်ကျွတ်သွားတယ် ထင်တယ်။ ကျွန်တော် ပွဲကို ကျွန်တော် ကောင်းကောင်း မွန်မွန် ကစားနေတာ အားလုံးလည်း မြင်ကြတာပဲ။
ကျွန်တော်က နေ့တိုင်းမှာ အကောင်းဆုံး ကြိုးစားနေတာ။ ဂွါဒီယိုလာနဲ့အတူတူ အလုပ်လုပ်ရတာ စိတ်ချမ်းသာဖို့ ကောင်းပါတယ်။ ကျွန်တော် ငယ်ငယ်ရွယ်ရွယ် ရှိနေတုန်းမှာ ကျွန်တော့်ထက် ပိုကောင်းတဲ့ ကစားသမားမျိုး ရှိနေသေးလားဆိုတာကတော့ ကျွန်တော်လည်း မသိဘူး။
ကျွန်တော်က ဒီလိုမျိုး ကစဉ့်ကလျား ကိစ္စမျိုးတွေကို သဘောကျပြီး ကွင်းထဲမှာ အကောင်းဆုံး လုပ်ဖို့ပဲ ကြိုးစားနေတယ်ဆိုတာ မမေ့ပါနဲ့ ” လို့ ဟာလန်းက ဘန်လေနဲ့ ပွဲအပြီးမှာ ပြောသွားခဲ့တာပါ။
နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ဘန်လေကို ဟာလန်းရဲ့ သွင်းဂိုး ၂ ဂိုး အပြင် ရိုဒရီရဲ့ သွင်းဂိုးတစ်ဂိုးလည်း သွင်းနိုင်ခဲ့တာကြောင့် ၃-၀ ဂိုးရလဒ်နဲ့ အနိုင်ရပြီး ၃ မှတ်အပြည့် အရယူနိုင်ခဲ့ပါတယ်။
တိုက်စစ်မှူး ဟာလန်းရဲ့ မန်စီးတီးဟာ လာမယ့် တစ်ပတ်မှာတော့ စပိန်ထိပ်သီး ဆီဗီလာအသင်းနဲ့ ဥရောပ စူပါဖလားပွဲစဉ်ကို ဂရိနိုင်ငံ၊ ကာရိုင် ဆာကီကွင်းကြီးမှာ ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။
