UEFA အကောင်းဆုံး ကစားသမား ဆု ရသွားပြန်တဲ့ ဟာလန်း အတွက် ကွက်လပ် ကတော့ တစ်ခုပဲ ကျန်ပါတော့တယ်
မန်စီးတီးအသင်းရဲ့ နော်ဝေ တိုက်စစ်မှူးဟာလန်းဟာ ၂၀၂၂-၂၃ ရာသီ UEFA အမျိုးသား(၁)နှစ်တာ အကောင်းဆုံး ကစားသမားဆုကို မက်ဆီနဲ့ ကလပ်အသင်းဖော် ဒီဘရိုင်းနားတို့ကို ကျော်ဖြတ်ပြီး ပထမဆုံးအကြိမ်ရယူနိုင်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်က ဟာလန်းအတွက် တစ်ဦးချင်းအကောင်းဆုံးဆုတွေ သိမ်းကြုံးရယူနိုင်တဲ့နှစ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
ဟာလန်း ဟာ ဥရောပသွင်းဂိုး အများဆုံးရွှေဖိနပ်ဆု၊ ၂၀၂၂-၂၃ ရာသီ ပရီးမီးယားလိဂ်(၁)နှစ်တာ အကောင်းဆုံး ကစားသမားနဲ့ လူငယ် အကောင်းဆုံးဆု၊ ပရီးမီးယားလိဂ် သွင်းဂိုးအများဆုံးရွှေဖိနပ်ဆု၊ FWA (၁)နှစ်တာ အကောင်းဆုံး ကစားသမားဆုနဲ့ မကြာသေးခင်ကမှ PFA Players’ Player of the Year ဆုကို ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။
ဟာလန်း နောက်ထပ် ယူစရာ ဆိုလို့ ဘလွန်းဒီအော တစ်ဆုသာ ကျန်ရှိတော့မှာပါ။

အသက်(၂၃)နှစ် အရွယ်ရှိပြီဖြစ်သူ ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ(၅၃)ပွဲကစား၊ (၅၂)ဂိုး အထိ သွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်မှာ တစ်ရာသီအတွင်း စံချိန်တင်အဖြစ် (၃၆)ဂိုး၊ ချန်ပီယံလိဂ်မှာ (၁၂)ဂိုးနဲ့ သွင်းဂိုးအများဆုံးဖြစ်ခဲ့ပါတယ်။
ချန်ပီယံလိဂ်မှာ မန်စီးတီးအသင်း ပထမဆုံးအကြိမ်ဗိုလ်စွဲနိုင်ခဲ့တာက ဟာလန်းရဲ့သွင်းဂိုးတွေက အဓိက ကျခဲ့ပြီး ဒီလိုခြေစွမ်းကောင်းတွေ ပြသနိုင်တာကြောင့် အာဂျင်တီးနား နာမည်ကျော်ကစားသမား မက်ဆီကို ကျော်ဖြတ်ပြီးတော့ UEFA (၁)နှစ်တာအကောင်းဆုံးဆု ရရှိခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ မက်ဆီဟာ UEFA အကောင်းဆုံးဆုကို (၃)ကြိမ်မြောက် ရယူနိုင်ဖို့ ရေပန်းစားခဲ့ပေမယ့် ဟာလန်းကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။
ဟာလန်းဟာ UEFA အကောင်းဆုံးဆုကို ပထမဆုံးအကြိမ် ရယူနိုင်တာဖြစ်သလို ဒီဆု ရရှိခဲ့တဲ့ ပထမဆုံးနော်ဝေ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။
၂၀၂၂-၂၃ UEFA အမျိုးသားအကောင်းဆုံးနည်းပြဆုကို ဂွါဒီယိုလာက ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းကို သမိုင်းဝင် အောင်ပွဲအဖြစ် တစ်ရာသီအတွင်း ဖလား(၃)လုံး ရရှိအောင် စွမ်းဆောင်ခဲ့ပြီး သူ့ရဲ့နည်းပြဘဝမှာ ဆယ်စုနှစ်တစ်ခုကျော်ဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဖလားကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။
ဒီဆုအတွက် အင်တာမီလန်နည်းပြဆီမြွန်နီအင်ဇာဂီ၊ နာပိုလီအသင်းနည်းပြဟောင်း (လက်ရှိ အီတလီ လက်ရွေးစင် အသင်းနည်းပြ) စပယ်လက်တီတို့က ဂွါဒီယိုလာနဲ့အပြိုင်ဖြစ်ခဲ့ပေမယ့် ဆုဖလားအောင်မြင်မှုအရ ဂွါဒီယိုလာက ပြတ်ပြတ်သားသား အသာရခဲ့တာဖြစ်ပါတယ်။
