ပရီးမီးယားလိဂ် ၄ ပွဲ အပြီး စူပါကွန်ပြူတာ ရဲ့ ခန့်မှန်းချက်တွေ ထပ်ထွက်လာပါပြီ
ပြီးခဲ့တဲ့ စနေ-တနင်္ဂနွေ က ပရီးမီးယားလိဂ် ၄ ပွဲ ကစားပြီးတဲ့နာက် စူပါကွန်ပြူတာရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ရပ်တည်မှုဇယား ခန့်မှန်းချက် ထပ်မံ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ပွဲစဉ် ၄ မှာ မန်စီးတီးက ဖူလ်ဟမ်ကို ၅-၁ နဲ့ ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း စီးတီးက ၄ ပွဲ ကစား ၄ ပွဲနိုင်နဲ့ အမှတ်ပြည့် ရရှိထားတာပါ။
အာဆင်နယ်ကလည်း မန်ယူအသင်းကို ၃-၁ နဲ့ အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ နိုင်ပွဲရရှိခဲ့သော်လည်း အာဆင်နယ်ဟာ စူပါကွန်ပြူတာရဲ့ခန့်မှန်းချက်အရ ပရီးမီးယားလိဂ်ဖလား နဲ့လွဲချော်နေဆဲဖြစ်ပြီး ယူနိုက်တက်ကလည်း ဆွတ်ခူးဖို့အလားအလာမရှိဘူးလို့သိရှိရပါတယ်။
စူပါကွန်ပြူတာအရ မန်ချက်စတာ စီးတီးအသင်းကသာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးရရှိသွားမှာဖြစ်ပြီး တကယ်သာ ရရှိခဲ့ပါက မန်စီးတီးအတွက် ၄ နှစ်ဆက်ပရီးမီးယားလိဂ်သရဖူကို စံချိန်သစ်အဖြစ် ရရှိသွားမှာဖြစ်ပါတယ်။
သို့သော်လည်း အာဆင်နယ်အသင်းအတွက်သတင်းကောင်းအနေနဲ့ ပရီးမီးယားလိဂ်ဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်မယ် လို့ခန့်မှန်းထားပြီး အဆင့် ၁ က မန်စီးတီးနဲ့ ၁၀ မှတ်လောက်တော့ ကွာဟမယ်လို့ဆိုပါတယ်။

တတိယနေရာကတော့ လီဗူးအသင်းဖြစ်ပြီး ကြိုးကြာတို့ဟာပြီးခဲ့တဲ့ ပွဲစဉ် ၁၅ ပွဲလုံး ရှုံးပွဲမရှိခဲ့ပါဘူး။
မကြာသေးမီက အဲရစ်တန်ဟက်နဲ့ ဂျေဒန်ဆန်ချိုတို့ရဲ့ပြဿနာ ထွက်ပေါ်လာခဲ့တဲ့ယူနိုက်တက်ကတော့ အဆင့် ၄ နေရာမှာရှိနေပြီး ယူရိုပါလိဂ်နေရာ ၂ ခုအတွက်ကတော့ နယူးကာဆယ်နဲ့ တော့တင်ဟမ်တို့က အဆင့် ၅ နဲ့ အဆင့် ၆ မှာ အသီးသီးရပ်တည်သွားမှာဖြစ်ပါတယ်။
ကွန်းဖရန့်လိဂ်နေရာအတွက် ဒေါ်လာဘီလီယံချီပြီး အသုံးပြုထားတာ ချဲလ်ဆီးအသင်းက ရရှိသွားမှာဖြစ်ပြီး အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။ ဘရိုက်တန်၊ အက်စတွန်ဗီလာနဲ့ ဝက်စ်ဟမ်းတို့ကတော့ ချဲလ်ဆီးရဲ့အောက် အဆင့် ၈ ၊ ၉ ၊ ၁၀ နေရာတွေမှာအသီးသီးရပ်တည်နေကြပါတယ်။
အဆင့် ၁၁ ၊ ၁၂ နဲ့ ၁၃ နေရာတွေမှာတော့ ဘရန့်ဖို့ဒ်၊ ခရစ္စတယ်ပဲလေ့စ်နဲ့ နော်တင်ဟမ်ဖောရက်စ်တို့ ရှိနေကြပြီး တန်ဆင်းဇုန်ရဲ့အပေါ်မှာတော့ ဝုဗ်၊ ဖူလ်ဟမ်၊ ဘန်လေနဲ့ ဘုန်းမောက်တို့က အဆင့် ၁၄၊ ၁၅၊ ၁၆ နဲ့ ၁၇ တွေမှာအသီးသီးရပ်တည်နေပါတယ်။
အဲဗာတန်ကတော့ ချန်ပီယံရှစ်ကို တန်းဆင်းသွားမယ်လို့ခန့်မှန်းခံထားရပြီး ၎င်းနဲ့အတူ ယခုမှ တန်းတက်လာတဲ့ လူတန်တောင်းနဲ့ စူပါကွန်ပြူတာအရ ဒီရာသီမှာ နိုင်ပွဲ ၆ ပွဲသာဖော်ဆောင်နိုင်မယ်လို့ ခန့်မှန်းခံထားရတဲ့ ရှက်ဖီးလ်ယူနိုက်တက်တို့ပါပါဝင်ပြီး အဆင့် ၁၈၊ ၁၉ နဲ့ ၂၀ နေရာတွေမှာအသီးသီးရပ်တည်နေကြတာဖြစ်ပါတယ်။
