ဆန်ချိုမှာ ကြိုစား တိုက်ပွဲဝင်လိုစိတ် မရှိကြောင်း အရင်တည်းက ပက် ဂွာဒီယိုလာ ထုတ်ဖော် ပြောဆိုခဲ့ဖူးပါတယ်

မန်ချက်စတာ ယူနိုက်တက် တောင်ပံ တိုက်စစ်သမား ဆန်ချို ဟာ ပွဲထွက်လူစာရင်းမှာ နေရာမရတဲ့နောက် နည်းပြ တန်ဟက်နဲ့ မကျေမလည်မှုတွေ ရှိနေကြောင်း လူသိရှင်ကြား ဖြစ်လာခဲ့ပါတယ်။

ဆန်ချိုနဲ့ ဖိုဒန်တို့ဟာ မန်စီးတီး အကယ်ဒမီကနေ အတူတူ ပေါ်ထွက်လာကြတာပါ။ အဲဒီနောက် ဒေါ့မွန်သို့ ပြောင်းရွှေ့သွားခဲ့ပြီး ၂၀၂၁ မှာ ဆန်ချိုက ဒေါ့မွန်ကနေ ယူနိုက်တက်ထံ ပေါင် ၇၃ သန်းဖြင့် ပြောင်းရွှေ့ လာခဲ့ပြန်တာပါ။

မန်ယူ ရောက်လာခဲ့ကတည်းက ဆန်ချိုတစ်ယောက် သူ့ရဲ့ အစွမ်းအစ ကို ပြသနိုင်ခြင်း မရှိပါဘူး။ တိုက်စစ်သမားကတော့ ယူနိုက်တက်က သူ့ရဲ့ အခြေအနေကို စိတ်ပျက်နေဟန် ရှိပါတယ်။

၂၀၁၇ တုန်းကတော့ ဖိုဒန်လို စီနီယာ အသင်းမှာ နေရာရဖို့ တိုက်ပွဲမဝင်ဘဲ မန်စီးတီးကို ဆန်ချို စွန့်ခွာသွားတာ ဘာကြောင့် ဖြစ်နိုင်သလဲလို့ မေးခံရချိန်မှာ ဂွာဒီယိုလာက အင်္ဂလန် တိုက်စစ်သမားဟာ စိန်ခေါ်မှုကို မလုပ်ရဲဘူး လို့ ပြောဆိုဖူးပါတယ်။

” ကျနော် မသိပါဘူး။ ပထမအသင်းထံ ရောက်လာအောင် ကြိုးစားဖို့ဆိုတဲ့ စိန်ခေါ်မှုကို သူ မလုပ်ချင်ဘူး ထင်ပါရဲ့။ သူ ကြိုးစားမယ်ဆိုရင် ပထမအသင်းမှာ နေရာရနိုင်ပါတယ်။

သူ ထွက်သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒေါ့မွန်ကို သွားတာ သူ့အတွက် ပြီးပြည့်စုံပါတယ်။ အလုပ်ဖြစ်နေပါတယ်၊ သူ လုပ်နေတာတွေအတွက် ဂုဏ်ပြုပေးမှာပါ။ သူအဲ့မှာ သိပ်ကောင်းနေတာပဲ။

စီးတီးမှာဆိုရင် ဆန်ချို ဘာဖြစ်လာမလဲ? ကျနော် မသိဘူးလေ။ ကစားသမားတွေ အပေါ်မှာပဲ မူတည်တယ်၊ ကွင်းထဲမှာ သူတို့ ဘာလုပ်ပြနိုင်မလဲ အပေါ် မူတည်တာပါ ” လို့ ဂွာဒီယိုလာက မှတ်ချက်ပေးစကား ပြောဆိုခဲ့ဖူးတာ ဖြစ်ပါတယ်။

ဆန်ချိုဟာ ဒေါ့မွန်မှာလည်း လေ့ကျင့်ရေး ပျက်ကွက်၊ နောက်ကျ၊ စည်းကမ်းဖောက်တာတွေ ဖြစ်ခဲ့ဖူးပြီး အပြစ်ပေး ခံရတာတွေ ရှိခဲ့ပါတယ်။