ဂိုးအရင်ပေးရတဲ့ မန်ချက်စတာချင်း တူပေမယ့် စီးတီးကတော့ စီးတီး ပီသစွာ ၃ မှတ်ပြည့် ယူခဲ့တဲ့ ဝက်စ်ဟမ်းအား နိုင်ပွဲ အကြောင်း
စနေနေ့ည ကစားတဲ့ ပရီးမီးယားလိဂ် ပွဲမှာတော့ မန်ချက်စတာကလပ်တွေ ဖြစ်တဲ့ စီးတီးနဲ့ ယူနိုက်တက် တို့ဟာ ပြိုင်ဘက်တွေရဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရတာချင်း တူပေမယ့် ထွက်လာတဲ့ ရလဒ်ကတော့ မတူပါဘူး။
မန်စီးတီးဟာ အဝေးကွင်းမှာ ဝက်စ်ဟမ်းကို ၃-၁ နဲ့ နိုင်သွားခဲ့ပေမယ့် တဖက်မှာ မန်ယူကတော့ ဘရိုက်တန်ကို အိမ်ကွင်းမှာ ၃-၁ နဲ့ ရှုံးသွားခဲ့ပါတယ်။
ဒီနေ့ပွဲမှာ မန်စီးတီးတို့ အဝေးကွင်းမှာ ဝက်စ်ဟမ်းကို ကစားကွက်အသာ၊ ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးကန်သွင်းခွင့်တွေ အများအပြားရအောင် ကစားနိုင်ခဲ့ပေမယ့် တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။
ကစားသမားကောင်းတွေကြောင့် အင်အားတောင့်တင်းပြီး ခြေစွမ်းလည်း ထက်နေတဲ့ ဝက်စ်ဟမ်းက မန်စီးတီးကို တောင့်ခံကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးပါ ရယူနိုင်ခဲ့ပါတယ်။
ဒီဘရိုင်းမပါတဲ့ မန်စီးတီးအတွက်တော့ ကစားရတာ နည်းနည်းအခက်တွေ့ခဲ့ရပြီး အခွင့်အရေးတွေကလည်း ဟန့်တားခံခဲ့ရလို့ မလူးသာမလွန့်သာဖြစ်နေခဲ့ရပါတယ်။ ဝါ့ပရောက်စ်က ဝက်စ်ဟမ်းအတွက် အဖွင့်ဂိုးကို သွင်းယူ သွားခဲ့ချိန်မှာ မန်စီးတီးတို့ ပျာယာခတ်သွားခဲ့ရပါတယ်။
ဟာလန်းရဲ့ ပိတ်သွင်းယူမှုကိုလည်း ဝက်စ်ဟမ်းကစားသမားက စည်းပေါ်ကနေ ရှင်းထုတ်သွားလို့ နစ်နာခဲ့ရကာ ပထမပိုင်းမှာ မန်စီးတီးတို့ အရေးနိမ့်နေခဲ့ပါတယ်။
ဒါပေမယ့် ဒုတိယပိုင်းစစချင်းမှာပဲ မန်စီးတီးအတွက် ကစားသမားသစ် ဒိုကူက ချေပဂိုးသွင်းယူပေးခဲ့ကာ ပွဲက အကြိတ်အနယ် ပိုရှိလာခဲ့ပါတယ်။ ဒိုကူအတွက် အရင်ပွဲ သူ့ ပွဲဦးထွက်မှာ ဂိုးမသွင်းနိုင်လို့ အားမရ ဖြစ်နေခဲ့တာကို ဒီပွဲမှာ ချေဖျက်နိုင်လိုက်ပြီ ဖြစ်ပါတယ်။
မန်စီးတီးတို့ ဖိကစားနေရင်းနဲ့ ၇၆ မိနစ်မှာ ဘာနာဒိုဆေးဗားရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ကာ ခက်ခဲတဲ့ပွဲတပွဲကို အနိုင်ရဖို့ တာစူလာနိုင်ခဲ့ပါတယ်။ ကစားအားရော၊ ကစားကွက်ပါ သာနေတဲ့နောက် မန်စီးတီးတို့ ဂိုးရခဲ့တာပါ။ မန်စီးတီးမှာ ပွဲအဖြေကို ပြောင်းပေးနိုင်တဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားတာကလည်း အားသာချက်ဖြစ်နေပါတယ်။
၈၇ မိနစ်မှာတော့ ဟာလန်းက မန်စီးတီးတို့ အနိုင်သေချာစေမယ့်ဂိုးကို ထပ်မံသွင်းယူပေးသွားခဲ့ပါတယ်။ ဒါကြောင့်လည်း ၃-၁ နဲ့ မန်စီးတီးတို့ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယား ပထမနေရာကို ထပ်မံ သိမ်းပိုက်လိုက်ပါတယ်။
