စီးတီးမှာ ချန်ထားလို့ကို မရတော့အောင် ကောင်းနေတဲ့ ကစားသမား လို့ ပက် ဂွာဒီယိုလာ ချီးကျူးခြင်း ခံရသူ
မန်ချက်စတာ စီးတီး နည်းပြ ပက် ဂွာဒီယိုလာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုး ၂ဂိုးကို ဖန်တီးပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဂျူလီယန် အယ်ဗာရက်ဇ် အား ပွဲအပြီးမှာ ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။
စနေနေ့ညက ပွဲမှာ မန်စီးတီးက ဝက်စ်ဟမ်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး ၃-၁ နဲ့ စီးတီးတို့ အဝေးကွင်း နိုင်ပွဲ ရခဲ့ပါတယ်။
ဒီပွဲမှာ ဂျူလီယန် အယ်ဗာရက်ဇ်က စီးတီးအတွက် သွင်းဂိုးတွေ သွင်းနိုင်ခဲ့ခြင်း မရှိပေမယ့် အရေးပါတဲ့ သွင်းဂိုး ၂ဂိုး ဖြစ်တဲ့ ဒိုကူနဲ့ ဘာနာဒို ဆေးလ်ဗားတို့ရဲ့ သွင်းဂိုးတွေကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးနည်းပြချုပ် ဂွာဒီယိုလာက ပွဲပြီးအင်တာဗျူးမှာ အယ်ဗာရက်ဇ်ဟာ ကြံ့ခိုင်မှု မပြည့်ဝတာတောင် ရပ်တန့်လို့ မရတဲ့ ကစားသမား ဖြစ်ခဲ့တယ်လို့ ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။
ဂွာဒီယိုလာက – “အယ်ဗာရက်ဇ်က ဘိုလီးဗီယား ကနေ ပြန်လာတဲ့ အချိန်မှာ ခြေထောက်တွေ အတော်လေး ညောင်းနေခဲ့တယ်လို့ ပြောပါတယ်။ သူက အတော်လေး ပင်ပန်းနေခဲ့တာပါ။ မနေ့ညမှာတော့ သူက အဆင်ပြေနေပြီလို့ ကျွန်တော်တို့ကို ပြောခဲ့ပါတယ်။
သူက လူကပ်ခံထားရတဲ့ အချိန်မှာတောင် ဘယ်လို နေရာယူရမလဲ ဆိုတာ ကောင်းကောင်း သင်ယူနိုင်ခဲ့ပါတယ်။ သူက ဂိုးတွေ သွင်းနိုင်သလို ဂိုးဖန်တီးမှုတွေလည်း လုပ်နိုင်ပါတယ်။ သူ့ရဲ့ လုပ်အားနှုန်းကလည်း ကောင်းပါတယ်။ ကျွန်တော်တို့က ပြီးခဲ့တဲ့နှစ်မှာ သူတို့ကို ခေါ်နိုင်ခဲ့တဲ့ အတွက် အတော်လေး ပျော်မိပါတယ်။
ဂန်ဒိုဂန် ထွက်သွားတဲ့အချိန် ၊ ဒီဘရိုင်းကလည်း ဒဏ်ရာရနေတဲ့ အချိန်မှာ သူက အကောင်းဆုံး ကစားပြနိုင်ခဲ့ပါတယ်။ အခုတော့ သူက အသင်း ပွဲထွက်ကနေ ဖယ်ထုတ်လို့ မရတဲ့ ကစားသမား ဖြစ်နေပါပြီ” လို့ အယ်ဗာရက်ဇ်ကို ချီးကျူးသွားခဲ့ပါတယ်။
