အဖြုန်းတလိုင်း ဟာလန်းကြောင့် ရင်ပူခဲ့ရပေမယ့် ဂျာမန်မြေမှာ ၃ မှတ်ပြည့် ရယူခဲ့တဲ့ မန်စီးတီးရဲ့ ချန်ပီယံလိဂ် နိုင်ပွဲ အကြောင်း
မန်ချက်စတာစီးတီး ကတော့ မနေ့ညက ဂျာမနီ သွားပြီး လိုက်ပ်ဇစ်အသင်းအား ချန်ပီယံလိဂ် အုပ်စုပွဲ ရင်ဆိုင် ကစားခဲ့ရာ ၃-၁ နဲ့ အနိုင်ရခဲ့ပြီး အုပ်စုတက်ရေး အခြေအနေ ကောင်းသွားပါတယ်။
စီးတီးက ဒီပွဲမှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ဝေါ်လ်ကာ၊ အာကန်ဂျီ၊ ရူဘင် ဒီယက်စ်နဲ့ ဂွါဒီယောလ်တို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗား၊ ရီကို လူးဝစ္စ၊ ဂရီးလစ်ရှ်နဲ့ ဖိုဒန်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဟားလန်း တစ်ဦးတည်းကို အရင် ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ မန်စီးတီးတို့ရဲ့ ကွင်းလယ်တိုက်စစ်မှာ သုံးလာတဲ့ ရီကို လူးဝစ္စက အရင်က ကစားခဲ့တဲ့ ကွင်းလယ်အဖျက် နေရာထက် အများကြီး ပိုမိုပြီး ခြေစွမ်းပြနိုင်ခဲ့သလို သူ့ရဲ့ ဘောလုံးကျွမ်းကျင်မှုနဲ့ သူဟာ တိုက်စစ်သမား တစ်ယောက် သာဖြစ်ကြောင်း သက်သေပြခဲ့ပြီး ဖိုဒန်နဲ့ အတွဲညီခဲ့ချိန်မှာ လိုက်ပ်ဇစ်တို့ ခက်ခက်ခဲခဲ ထိန်းချုပ် သွားခဲ့ရပါတယ်။
ပွဲချိန် ၂၅ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းကနေ ဘာနာဒို ဆေးလ်ဗားနဲ့ ဝမ်းတူးရိုက်ပြီး တောင်ပံကနေ ဧရိယာထဲကို ချိုးပေးခဲ့တဲ့ ရီကို လူးဝစ္စရဲ့ ပေးပို့မှုကို ဖိုဒန်က ပြေးဝင်ပြီး မြေမကျ ကန်သွင်းယူခဲ့ရာမှာ မြေထောက်ကန်ချက်က လိုက်ပ်ဇစ်ခံစစ်နဲ့ ဂိုးသမားတို့ ဘယ်လို ကာကွယ်ရမှန်း မသိအောင်ဖြစ်ခဲ့ရတာပါ။
မန်စီးတီးတိုက်စစ်မှူး ဟားလန်းအနေနဲ့ အတော်လေး လောကြီးနေခဲ့သလို တစ်ကိုယ်ကောင်းဆန်နေခဲ့ပြီး ထောင့်ကျဉ်း အနေအထားကနေ ကန်ချက်တွေကို ပြုလုပ်နေခဲ့သလို ဖန်တီးပေးရင် အသင်းဖော်တွေ ဂိုးရနိုင်တဲ့ အခွင့်အရေးတွေကို ဖြုန်းတီးသွားခဲ့တာကြောင့် ပထမပိုင်းမှာတော့ ဧည့်သည်တွေက တစ်ဂိုး-ဂိုးမရှိနဲ့သာ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၈ မိနစ်မှာတော့ လိုက်ပ်ဇစ်တို့ ချေပဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ပေါလ်ဆန်က မန်စီးတီးနောက်ခံလူတွေကြားက လှည့်ထွက်ပြီး ကွင်းလယ်ကနေ ခင်းပေးခဲ့ရာမှာ အိုပင်ဒါက လျင်လျင်မြန်မြန် ပြေးထွက်ပြီး ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ ကန်သွင်းခဲ့ပါတယ်။

မန်စီးတီးတို့ရဲ့ အခွင့်အရေးတွေကို ဟားလန်းက ဒိုင်ခံဖြုန်းတီးခဲ့အပြီးမှာတော့ ဂိုးထပ်ရဖို့အတွက် အာကန်ဂျီ၊ ဂရီးလစ်ရှ်နဲ့ ဖိုဒန်တို့အစား အာကေ၊ ဒိုကူးနဲ့ အယ်လ်ဗာရက်ဇ်တို့ကို ထည့်သွင်းခဲ့ပါတယ်။
ပွဲချိန် ၈၄ မိနစ်မှာတော့ အဖိုးတန်အနိုင်ဂိုးကို မန်စီးတီးတို့ ပြန်လည်ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ တစ်ကိုယ်တော် ထိုးဖောက်လာခဲ့တဲ့ ဒိုကူးက လိမ်ခေါက်ဖြတ်ကျော်မယ့် ပုံစံပြထားပြီး ညာဘက်ကို လှမ်းထိုးပေးခဲ့တဲ့ ဘောလုံးကို အယ်လ်ဗာရက်ဇ်က တစ်ချက်ထိန်းပြီး အဝေးတိုင် ညာဘက်ထောင့်ကို တိကျတဲ့ ကန်ချက်နဲ့ ဝေ့ဝိုက် သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ထိုဂိုးရပြီးနောက် မန်စီးတီးတို့အနေနဲ့ ပွဲကို ထိန်းသိမ်းဖို့ ဘာနာဒို ဆေးလ်ဗားအစား မက်သီယူးစ် နူးနက်စ်ကို ထပ်လဲသွားခဲ့ပါတယ်။
နာကျင်အချိန်ပို ၂ မိနစ်မှာတော့ လူစားဝင်ကစားသမားတွေရဲ့ ဒုတိယသွင်းဂိုးနဲ့ မန်စီးတီးတို့ အနိုင်သေချာစေမယ့် တတိယဂိုးကို ရှာဖွေနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ အယ်လ်ဗာရက်ဇ်က တောက်လျှောက်ဆွဲပြေးပြီး တစ်ဖက်ဂိုးနားရောက်မှာ ဘယ်ခြမ်းကို ခင်းပေးခဲ့ရာမှာ အားကုန် ပြေးလွှားလာခဲ့တဲ့ ဒိုကူးက ဂိုးသမား ဘလာစ်ဗစ်ချ်နဲ့ တစ်ဦးချင်းအတွေ့မှာ အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် မန်စီးတီးတို့ နှစ်ပွဲကစား နှစ်ပွဲနိုင်၊ ရမှတ် ၆ မှတ်နဲ့ အုပ်စု(G)ကို ဆက်လက်ဦးဆောင်သွားခဲ့ကြသလို အုပ်စုဗိုလ်နဲ့ နောက်တစ်ဆင့်တက်ဖို့ အယ်လ်ဗာရက်ဇ်ရဲ့ နှစ်ပွဲမှာ သုံးဂိုး ရယူနိုင်ခဲ့မှုနဲ့ အခြေအနေ ကောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။
