ဘရာဇီးအသင်း ထရိန်နင်ကနေ ဆရာဝန်နဲ့ အတူ ထွက်သွားရတဲ့ ဂိုးသမား အီဒါဆန် ဒဏ်ရာ ရသွားတာလား
အောက်တိုဘာလ နိုင်ငံတကာ သီတင်းပတ် အတွင်းမှာ မန်ချက်စတာစီးတီးအသင်း ကတော့ ကစားသမားတွေ ဒဏ်ရာ ရပြီး ပြန်လာမှာကို စိုးရိမ်ထိတ်လန့်နေ ရပါတယ်။
ဘရာဇီး လက်ရွးစင် အသင်းနဲ့ အတူ ရှိနေတဲ့ မန်စီးတီး ဂိုးသမား အီဒါဆန် ဟာ ဒဏ်ရာ ရသွားဟန် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါသေးတယ်။
ပက် ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းမှာ လက်ရှိ ဒဏ်ရာကင်းစင်စွာ ကစားနိုင်သူတွေထဲ အီဒါဆန်လည်း တစ်ဦး အဖြစ် ပါဝင်နေပါတယ်။
အီဒါဆန်ဟာ ဘရာဇီးအသင်းမှာလည်း ယခင်က အယ်လစ်ဆန် နောက်မှာ နေခဲ့ရပေမယ့် ဒီတလောမှာ အသင်းရဲ့ ပွဲထွက် ဦးစားပေး ဂိုးသမား ပြန်ဖြစ်နေပါတယ်။
ဘရာဇီး က TNT Sports သတင်း အဆိုအရ အီဒါဆန် ဟာ ဘရာဇီး လက်ရွေးစင် အသင်းက ဆရာဝန်နဲ့ အတူ ထရိန်နင်ကနေ ထွက်ခွာသွားတာ တွေ့ခဲ့ရတယ် လို့ သိရပြီး ဒါဟာ ဒဏ်ရာ ပြသနာကြောင့် ဖြစ်မယ် လို့ ယူဆခဲ့ ရပါတယ်။
ဒါပေမယ့် နောက်မှ သိရတာကတော့ အီဒါဆန် ဟာ လေ့ကျင့်နေရင်း သွားအစွပ် ပြုတ်ထွက်သွားတာကြောင့် သွား ဆရာဝန် ဆီ ခေါ်ဆောင်သွားခြင်း ခံခဲ့ရတာ ဖြစ်တယ် လို့ သိရပါတယ်။
မန်စီးတီး အတွက်တော့ ဒီ နိုင်ငံတကာ သီတင်းပတ် ကာလမှာ ဒဏ်ရာ ကင်းစင်စွာ ကစားသမားတွေ ပြန်လာကြဖို့ မျှေ်ာလင့်နေပါတယ်။
