လက်ရှိ ဈေးကွက်ပေါက်ဈေး အမြင့်ဆုံး ပရီးမီးယားလိဂ် ကစားသမားတွေထဲ ထိပ်ဆုံးက ပါဝင်နေတဲ့ မန်စီးတီး အသင်းသား ၃ ဦး

ဘောလုံးသမားတွေရဲ့ လက်ရှိ အသက်အရွယ်၊ ခြေစွမ်း၊ စာချုပ်သက်တမ်းနဲ့ အလားအလာတွေ အပေါ် မူတည်ကာ ဈေးကွက် ပေါက်ဈေး တွက်ချက် ဖော်ပြတဲ့ transfermarkt မှာ လက်ရှိ ပရီးမီးယားလိဂ် တန်ကြေး အမြင့်ဆုံး ၅ ဦး ရှိနေပြီး မန်စီးတီးနဲ့ အာဆင်နယ် ကစားသမားတွေချည်း ဖြစ်နေပါတယ်။

ဒီစာရင်းမှာ စီးတီးမှ ရိုဒရီ၊ ဖိုဒန်နဲ့ ဟာလန်းတို့ ၃ ဦးပါဝင်နေပြီး အာဆင်နယ်မှ ရိုက်စ် (ယူရို သန်း ၁ဝဝ) နဲ့ ဆာကာ (ယူရို သန်း ၁၂ဝ) တို့ ပါဝင်နေပါတယ်။

ရိုဒရီ (ယူရို သန်း ၁ဝဝ)

မန်စီးတီးရဲ့ ကွင်းလယ်ဗဟို ကစားသမား ရိုဒရီဟာ ပြီးခဲ့တဲ့ရာသီတွေက သူ ကြိုးစားခဲ့တဲ့ အသီးအပွင့်တွေ ဒီရာသီမှာ သိသိသာသာ မြင်တွေ့နေရပါပြီ။ စပိန်သားရဲ့ ပြိုငဘက် တိုက်စစ်ကို ချိုးဖျက်နိုင်စွမ်းဟာ ပွဲတွေ ဆက်တိုက် တည်ငြိမ်နေ သလို သွင်းဂိုးတွေ အတွက် ပါဝင်ကူညီမှုတွေလည်း ရှိနေပါတယ်။

မန်စီးတီးရဲ့ အဓိက အသက်သွေးကြောလို ဖြစ်လာနေတဲ့ ကစားသမား ဖြစ်တာကြောင့် ရိုဒရီ ဒီစာရင်းမှာ ပါဝင်နေတာ အံ့သြစရာတော့ မရှိပါဘူး။

ဖီးလ် ဖိုဒန် (ယူရို သန်း ၁၁ဝ)

ဖီးလ် ဖိုဒန်က ကမ္ဘာပေါ်မှာ နည်းစနစ်ပိုင်း အကျွမ်းကျင်ဆုံး အမြင်အရှိဆုံး လူငယ် ကစားသမားတွေထဲ ပါပါတယ်။ မန်စီးတီး က ဖိုဒန်ကို ကွင်းလယ်မှာ နေရာစုံ ထား ကစားနိုင်ပြီး တိုက်စစ်လည်း တင်နိုင်ပါတယ်။ စွယ်စုံရပြီး ဘောလုံး အမြင်ရှိတာကြောင့် ဖိုဒန်က ပက် ရဲ့ လျှို့ဝှက်လက်နက်လည်း ဖြစ်လို့ နေပါတယ်။

အားလင်း ဟာလန်း ( ယူရို သန်း ၁၈၀)

ဒီစာရင်းမှာ ဟာလန်းက ထိပ်ဆုံးမှာ ရှိနေတာလည်း အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။ ဟာလန်းက အသက် ၂၃ နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် ဒေါင်ဒေါင်မြင် ဂိုးသွင်း တိုက်စစ်မှုးကောင်း တစ်ဦး ဖြစ်နေပါပြီ။ နော်ဝေသား တိုက်စစ်မှုးဟာ ပွဲကို ဖတ်နိုင်တဲ့ အရည်အသွေး၊ အားကစားသမား ပီသပြီး နေရာယူမှုကောင်းချက်တွေက ထိပ်တန်း အဆင့် ရှိပါတယ်။

ဟာလန်းက ၂၀၂၃ ဘလွန်းဒီအော ဆု ဆန်ကာတင် စာရင်းမှာလည်း ထိပ်ဆုံးက ရေပန်းစားနေသူပါ။ မန်စီးတီးနဲ့ အတူ ပရီးမီးယားလိဂ် စ ကစားတဲ့ ပွဲဦးထွက် ရာသီမှာတင် ဖလား ၃ လုံး သိမ်းကာ ဂိုးမိုးရွာပြခဲ့ပြီးပါပြီ။