လူမှုကွန်ယက်မှာ ဟာလန်းကို စောင်းပြီး လှောင်ပြောင်နေတဲ့ ဘာစီလိုနာနဲ့ စပိန်ကြယ်ပွင့် ဂါဗီ

နော်ဝေ လက်ရွေးစင် အသင်း ဟာ စပိန်နဲ့ ကစားခဲ့တဲ့ ယူရို – ၂၀၂၄ ခြေစစ်ပွဲ အုပ်စုအဆင့် အိမ်ကွင်းပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် ခြေစစ်ပွဲအောင်ဖို့ ခက်ခဲတဲ့ အနေအထားကို ရောက်ရှိသွားခဲ့ပါတယ်။

ဒါကြောင့် နော်ဝေအသင်း ဟာ လက်ရှိမှာ ပလေးအော့ဖ်အဆင့်ကနေ ဝင်ရောက်ခွင့် ရဖို့ကိုသာ မျှော်လင့်ရတော့မှာပါ။

ဟာလန်းဟာ ပြီးခဲ့တဲ့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း နော်ဝေနဲ့အတူ ခြေစစ်ပွဲ မအောင်မြင်ခဲ့တာကြောင့် လွဲချော်ခဲ့ရပါတယ်။ အခု နောက်ထပ် ဥရောပပြိုင်ပွဲကြီးတစ်ပွဲကိုလည်း ဟာလန်းတစ်ယောက် လွဲချော်ဖို့ အကြောင်းဖန်လာခဲ့ပြန်ပါတယ်။

နော်ဝေနဲ့ စပိန်ပွဲမှာ စပိန်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဘာစီလိုနာကြယ်ပွင့်လေး ဂါဗီက သွင်းယူခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ ဂါဗီက ဟာလန်းနဲ့ ပတ်သက်လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာကတစ်ဆင့် လှောင်ပြောင်လာခဲ့တာ ဖြစ်ပါတယ်။

ဂါဗီဟာ သူ့ရဲ့ အင်စတာဂရမ်စတိုရီမှာ ဟာလန်းနဲ့အတူ ကွင်းထဲမှာ အနီးကပ်ရှိနေချိန် ရိုက်ကူးထားတဲ့ ဓာတ်ပုံကို တင်ထားခဲ့တာပါ။

အဲ့ဒီဓာတ်ပုံမှာ ဂါဗီက သူ့ရဲ့ပခုံးကို တွန့်ပြနေပြီး ဒါဟာ ဂါဗီတစ်ယောက် ခြေစစ်ပွဲ မအောင်မြင်သေးတဲ့ ဟာလန်းကို လှောင်ပြောင်လိုခြင်းဖြစ်တယ်လို့ ပရိသတ်တွေက အခိုင်အမာယူဆထားကြပါတယ်။

ဟာလန်းအပြင် နော်ဝေရဲ့ နောက်ထပ်ကြယ်ပွင့် အိုဒီဂတ်ကလည်း အသင်းနဲ့အတူ နိုင်ငံတကာ ပြိုင်ပွဲကြီးတွေမှာ ပါဝင်ကစားခွင့်ရဖို့ လွဲချော်နေဆဲပါ။

နော်ဝေတို့ နိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ နောက်ဆုံးပါဝင်ခွင့်ရရှိခဲ့တာက ပြီးခဲ့တဲ့ ယူရို – ၂၀၀၀ ပြိုင်ပွဲမှာ ဖြစ်ခဲ့ပါတယ်။