မန်စီးတီး ချန်ပီယံလိဂ် ၁ဝ ကြိမ် ရရင်တောင် မန်ချက်စတာ ယူနိုက်တက်ကို မမှီပါဘူး လုပ်လာတဲ့ စပါး ကွင်းလယ်လူဟောင်း
စပါး ကွင်းလယ် ကစားသမားဟောင်းကြီး ဂျေမီ အိုဟာရာက ဒီတပတ် မန်ချက်စတာ ဒါဘီ ပွဲနဲ့ ပတ်သတ်ပြီး သုံးသပ် ပြောဆိုမှုတွေ ပြုလုပ်သွားရာမှာ ထူးခြား လွန်ကဲတဲ့ စကားတွေ ပါဝင်ခဲ့ပါတယ်။
ပွဲကတော့ မန်စီးတီးပဲ နိုင်မှာ ဖြစ်ပြီး မန်ယူ ပရိသတ်တွေ အနေနဲ့ ဆိုဖာနောက်ကနေ ပွဲကို ခိုးကြည့်ကြဖို့ အိုဟာရာက ဆိုခဲ့ပါတယ်။
တဖက်မှာလည်း မန်စီးတီး ဘယ်လိုပဲ နိုင်နိုင်၊ ချန်ပီယံလိဂ် တောင် ၁ဝ ကြိမ် လောက်ရရ သမိုင်းကြောင်း အစဉ်အလာ ရှိထားတဲ့ မန်ချက်စတာ ယူနိုက်တက် ကို လုံးဝ မှီမှာ မဟုတ်ကြောင်း အိုဟာရာက ပြောဆိုသွားပါတယ်။

” သမိုင်း ဆိုတာက အရေးကြီးပါတယ်။ နောက် နှစ် တစ်သန်းမှာ မန်စီးတီးက ယူနိုက်တက်လောက် ကြီးကြီးမားမား ဖြစ်လာမှာမဟုတ်ပါဘူး။ တခြားကမ္ဘာ သွား ကစားမယ်ဆိုရင်တောင် ယူနိုက်တက်က မန်စီးတီးထက် ပိုကြီးကျယ် ခမ်းနားနေပါလိမ့်မယ်။
ယူနိုက်တက်နဲ့ လီဗာပူးတို့ဟာ သူတို့ရဲ့သမိုင်းကြောင်းတွေကြောင့် ဗြိတိန်မှာ အကြီးကျယ် အခမ်းနားဆုံး အသင်းတွေ ဖြစ်နေပါတယ်။ ဆုဖလားတွေ ဘယ်လောက်ရရ ဂရုစိုက်စရာ မလိုပါဘူး။ စီးတီးသာ ချန်ပီယံလိဂ် ၁၀ ကြိမ် ရရင် ရလိမ့်ပါမယ် ယူနိုက်တက်လောက် ကြီးမားလာမှာ မဟုတ်ပါဘူး။
မန်စီးတီးကို ရီးရဲလ်မက်ဒရစ်နဲ့ နှိုင်းယှဉ်လို့ မရပါဘူး။ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ဟာ အမြဲတမ်း ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာပါပဲ။ လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ အချိန်ဘယ်လောက်ပဲကြာကြာ လီဗာပူးနဲ့ ယူနိုက်တက်တို့အဖြစ် အမြဲရှိနေမှာပါ။ သူတို့ဟာ ကမ္ဘာ့အကြီးဆုံး ကလပ်တွေ ဖြစ်နေတုန်းပါပဲ။ ” လို့ အိုဟာရာက ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးဟာ ဥရောပ ချန်ပီယံလိဂ် မရသေးတဲ့ မှတ်တမ်းဆိုးကို မနှစ်က ရိုက်ချိုးနိုင်ခဲ့ပြီ ဖြစ်သလို ဒီနှစ်မှာလည်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မယ် ဆိုရင် သမိုင်းမှာ မရှိသေးတဲ့ ၄ ကြိမ်ဆက် ဗိုလ်စွဲတဲ့ ထူးခြားမှတ်တမ်းကို ရရှိမှာ ဖြစ်ပါတယ်။
