အသင်းဟောင်းတွေဘက် လိုက်လေ့ ရှိတဲ့ ဘာဘာတော့ဗ်ကတော့ ဒီည မန်ချက်စတာ ဒါဘီမှာ မန်ယူကို အသာပေးချင်နေပါတယ်
မန်ချက်စတာစီးတီး အသင်းကတော့ ဒီည ပရီးမီးယားလိဂ်ပွဲ အဖြစ် အိုးထရက်ဖို့ဒ် သွားပြီး မြို့ခံ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို ရင်ဆိုင် ရမှာပါ။
စပါးနဲ့ မန်ချက်စတာ ယူနိုက်တက် တို့မှာ ကစားခဲ့တဲ့ တိုက်စစ်မှုးဟောင်းကြီး ဘာဘာတော့ဗ်ကတော့ ဒီည မန်ယူနိုက်တက်နဲ့ စီးတီးတို့ရဲ့ မန်ချက်စတာ ဒါဘီ ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပါတယ်။ ဘာဘာတော့ဗ်ကတော့ သူ့ ထုံးစံအတိုင်း အသင်းဟောင်းတွေ ဘက်ကိုပဲ အနိုင်ပေးချင်နေပါတယ်။
” ကြားရက်တုန်းက ကိုပင်ဟေဂင်နဲ့ ပွဲ တုန်းကလို ပြိုင်ဘက်ကို လွတ်လွတ်လပ်လပ် ပေးကစားလိုက်ရင် ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက်တို့ ခံစားသွားရလိမ့်မယ်။ ပြိုင်ဘက်တွေကို ရင်ဆိုင်ရာမှာ ကိုယ်က အမှားလုပ်မိရင်တောင် ရနိုင်တဲ့ ပြိုင်ဘက်မျိုးတွေ ရှိပါတယ်။
သူတို့ (ကိုပင်ဟေဂင်) မှာက အရည်အချင်းပိုင်း အားနည်းတော့ ကိုယ့်ရဲ့ အမှားတွေကို အခွင့်အရေး မယူနိုင်ဘူး၊ ဒီတော့ အမှားလုပ်မိလို့ ရပါတယ်။
ဒါပေမယ့်လို့ ကိုယ်က အမှားတစ်ခုတောင် မဟုတ်ဘဲ တစ်ဝက်လောက် လုပ်မိရင်ကို အပြစ်ပေးသွားမယ့် မန်စီးတီးလို ပြိုင်ဘက်မျိုးလည်း ရှိပါတယ်။ စီးတီးကို ရင်ဆိုင်ကစားရာမှာ ၁ဝဝ % အပြည့်အဝ အာရုံစိုက်ကစားဖို့ လိုအပ်ပါတယ်။
ကျနော်ကတော့ ဒီပွဲ သရေကျမယ် ထင်ပါတယ်။ အကယ်လို့ ယူနိုက်တက်က အမှားတွေ လုံးဝ မလုပ်မိဘူးဆိုရင် သူတို့ အားလုံး အံ့ဩသွားစေမယ့် နိုင်ပွဲ ရသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ” လို့ ဘာဘာတော့ဗ်က သုံးသပ်သွားပါတယ်။
ဘာဘာတော့ဗ် ရဲ့ ပွဲ ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ ယူနိုက်တက် ၁-၁ မန်စီးတီး ဖြစ်ပါတယ်။ ပွဲချိန် ကတော့ ဒီနေ့ တနင်္ဂနွေနေ့ည ၁ဝ နာရီ အချိန် ဖြစ်ပါတယ်။
