ရူးလောက်ဖွယ် ခြေစွမ်းပိုင်ရှင် မန်စီးတီးကို ကြည့်ရင်း အားကျနေရတဲ့ မန်ယူအသင်းခေါင်းဆောင်ဟောင်း

ဒီနေ့ပွဲစဉ်မှာ မန်စီးတီးက ယူနိုက်တက်ကို အသာစီးရယူကစားနိုင်ခဲ့ပြီး အိုနာနာသာ လက်စွမ်းမပြနိုင်ရင် အခုထက်ပိုတဲ့ ဂိုးပြတ် ပွဲစဉ်တစ်ပွဲ ဖြစ်သွားခဲ့နိုင်ပါတယ်။

ပထမပိုင်းအတွင်း နှစ်သင်းစလုံး တိုက်စစ်ဖွင့် ကစားခဲ့တာကြောင့် အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ပွဲကောင်းတစ်ပွဲကို မြင်ခဲ့ရပါတယ်။ ဂိုးသမားအိုနာနာသာ လက်စွမ်း မပြနိုင်ဘူးဆိုရင် ဟာလန်း ဒုတိယဂိုးကို ရဖို့ အခွင့်အရေး ရှိခဲ့ပြီး ယူနိုက်တက်တို့ ပထမပိုင်းမှာတင် ဂိုးပြတ်ရှုံးသွားနိုင်ပါတယ်။

ဒုတိယပိုင်းမှာတော့ မန်စီးတီးကို ယူနိုက်တက်တို့ ဘယ်လိုမှ ယှဉ်မကစားနိုင်တော့ဘဲ ပွဲပြန်စချိန်မှာပဲ ဟာလန်းရဲ့ ခေါင်းတိုက် သွင်းဂိုးကို ခွင့်ပြုခဲ့ရတယ်။ နောက်ပိုင်းမှာ ဟာလန်းရဲ့ ဖန်တီးပေးမှုကနေ ဖိုဒန်က တတိယ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပါတယ်။

မန်ယူကစားသမားဟောင်း ရွိုင်ကိန်းကဆိုရင် ” နှစ်သင်းက အဆင့်မှ မတူတာပဲကွာ။ မန်ယူ ကစားသမားတွေက နေရာတိုင်းကို ညံ့နေတော့တာ၊ နည်းစနစ်ပိုင်းအရကော နည်းဗျူဟာပိုင်းကော သာမှ မသာခဲ့တာ၊ မန်ယူနိုက်တက်အသင်း ပြန်လာဖို့ အများကြီး လုပ်ရဦးမှာပါပဲ ” လို့ ထုတ်ပြောခဲ့တယ်။

မန်စီးတီး ကစားသမားဟောင်း မီဂါ ရစ်ချက်ကတော့ ” ဒါက ဘောလုံးပိုင်းဆိုင်ရာ သင်ခန်းစာပဲ။ မယုံနိုင်စရာပါပဲဗျာ။ ခံစစ်ကနေ ကွင်းလယ်တက် ကစားရာမှာ ဂျွန်စတုန်းက သိပ်ကောင်းတာပဲ။ မန်ယူနိုက်တက်က ဘာလုပ်လို့ လုပ်ရမယ်ကို မသိတော့ဘူး ဖြစ်ခဲ့ရတယ် ” လို့ ဂုဏ်ယူစွာ ပြောဆိုသွားခဲ့ပါတယ်။

မန်စီးတီးအတွက်တော့ အဖိုးတန် အဝေးကွင်းဒါဘီနိုင်ပွဲနဲ့အတူ အမှတ်ပေးဇယား ထိပ်ဆုံးနေရာရှိ တော့တင်ဟမ်ကို အနီးကပ် ဖိအားပေးထားနိုင်ခဲ့ပါတယ်။