ဟာလန်းနဲ့ အမ်ဘာပေတို့က မက်ဆီ၊ ဒိုလေးတို့လို လျှမ်းလျှမ်းတောက် အောင်မြင်မှု ရမှာ မဟုတ်ဘူး ဆိုလိုက်သူ
ဒီဘက်ခေတ် ဘောလုံးကမ္ဘာရဲ့ ကြယ်ပွင့်တွေ ဖြစ်တဲ့ အာလင်း ဟာလန်းနဲ့ အမ်ဘာပေ တို့ဟာ လီယွန်နယ် မက်ဆီ နဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့လို ဘလွန်းဒီအော မှာ နှစ်ပေါင်းများစွာ ကြာမြင့်အောင် လွှမ်းမိုးခဲ့သလိုမျိုး ပုံစံတူ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ဗာတွန်ဂန်က မှတ်ချက်ပြုလိုက်ပါတယ်။
မက်ဆီ ရော်နယ်လ်ဒိုတို့ နှစ်ဦးလုံးဟာ ဘာလွန်းဒေါဆုကို နှစ်ယောက်ပေါင်း (၁၃)ကြိမ်အထိ ရယူနိုင်ခဲ့သလို (၁၅)နှစ်ဝန်းကျင်လောက်အထိ ဘာလွန်းဒေါဆုမှာ လွှမ်းမိုးနိုင်ခဲ့တဲ့ တကယ့်ကို ဘောလုံးလောကရဲ့ GOAT ကြီးတွေ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒီကစားသမားကြီး နှစ်ဦးက အသက်အရွယ်အရ ကစားသမားဘဝ နေဝင်ချိန်ကို ရောက်ရှိနေပြီဖြစ်လို့ ဘာလွန်းဒေါမှာ အရင်လို လွှမ်းမိုးနိုင်ဖို့ မလွယ်ကူတော့ပဲ ဘာပေ ဟာလန်းတို့လို မျိုးဆက်သစ် ဂျူနီယာ ကစားသမားတွေ ကသာ ဒီဆုအတွက် အလားအလာကောင်းတွေ ရှိလာခဲ့ရပါတယ်။
ဒါပေမယ့် ဘယ်လ်ဂျီယံ ဝါရင့် ကစားသမားကြီး ဗာတွန်ဂန်ကတော့ ဘာပေ ဟာလန်းတို့ဟာ မက်ဆီ ရော်နယ်လ်ဒိုတို့ ဘလွန်းဒီအော ဆုမှာ လွှမ်းမိုးခဲ့သလိုမျိုး လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်လာခဲ့ပါတယ်။

“နောက်(၁၅)နှစ်အတွင်း ဒီကစားသမားနှစ်ဦး လွှမ်းမိုးနိုင်လိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ သူတို့မှာ ကြီးမားတဲ့ အရည်အချင်းတွေ အများကြီး ရှိပါတယ်။”
“ဒါပေမယ့် ဒီကစားသမားတွေနဲ့အတူ ဘယ်လင်ဟမ် မူစီယာလာ ဖိုဒန် ဗင်နီစီယပ်စ်တို့လို ကစားသမားကောင်းလေး တွေလည်း ရှိနေပါသေးတယ်။ သူတို့ကလည်း ငယ်ရွယ်ပြီး အရည်အသွေးကောင်းတွေ ကြွယ်ဝနေသူတွေပါ။ နောက်ပြီး တစ်နေ့မှာ ခံစစ်မှူး နဲ့ ဂိုးသမားတွေထိပါ ဒီဆုကို ပေးဖို့ကိုလည်း ကျွန်တော် မျှော်လင့်တယ်။”
“ဂိုးသမား ကော်တွိုက်စ်ဆိုရင်လည်း ရီးယဲလ်မက်ဒရစ် ချန်ပီယံလိဂ် ရရှိခဲ့တဲ့ နှစ်တုန်းက ဒီဆုကို ရရှိဖို့ နီးစပ်ခဲ့ပါသေးတယ်။ ဘယ်လ်ဂျီယံ ကစားသမားတွေကို ဒီဆု ရယူနိုင်ဖို့ ကျွန်တော် မျှော်လင့်မိတယ်။ အခုလည်း ဘယ်လ်ဂျီယံ ကစားသမားတွေထဲမှာ အရည်အသွေး မြင့်မားသူတွေလည်း ရှိနေပါသေးတယ်။” လို့ ဗာတွန်ဂန်က ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
