သတင်းကောင်း ပေးလာတဲ့ မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်း

ရာသီသစ် စတင်လာကတည်းက ဒဏ်ရာကြောင့် ခွဲစိတ်မှုခံယူခဲ့ရတဲ့ ကွင်းလယ်လူ ဒီဘရိုင်းဟာ တံကောက်ကြော ဒဏ်ရာကနေ ပြန်သက်သာလာနေပြီလို့ သိရပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားတွေအနက် တစ်ဦးဖြစ်တဲ့ ဒီဘရိုင်းဟာ ပက်ဂွါဒီယိုလာလက်ထက် မန်စီးတီးအတွက် အားကိုးရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒဏ်ရာ အခြေအနေ ကောင်းမွန်လာပေမယ့် ပွဲကစားခွင့်ကိုတော့ မန်စီးတီးဘက်က ဆုံးဖြတ်ပေးမှာပါ။

ဘယ်လ်ဂျီယံအခြေစိုက် HBVL သတင်းဌာနနဲ့တွေ့ဆုံချိန် ဒီဘရိုင်းက “သုံးလလောက် ကြာပြီးနောက် အခုအချိန်မှာ ကျွန်တော်ရဲ့အခြေအနေ အရမ်းကောင်းမွန်နေပါပြီ။ အရာရာတိုင်းလည်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပါပြီ။

ကျွန်တော် ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ မန်စီးတီးဘက်ကလည်း ကျွန်တော့်ကို ခွဲစိတ်ကုသပေးတဲ့ ပါရဂူတွေနဲ့ နေ့တိုင်း အဆက်အသွယ်လုပ်နေပါတယ် ”လို့ ပြောပါတယ်။

အသက်-၃၂ နှစ်အရွယ် ဒီဘရိုင်းရဲ့ကြံ့ခိုင်မှုပိုင်းက လာမယ့်မေလ၊ ပရီးမီးယားလိဂ်ဖလား ဘယ်အရပ်မှာ ဆိုက်ကပ်မလဲဆိုတဲ့ ပုစ္ဆာအတွက် အရေးကြီးတဲ့အချက်အလက်တစ်ခု ဖြစ်လာနိုင်ပါတယ်။