အီတီဟက်မှာ ချာတိတ်လေးတွေကို ဟာလန်း ဖိုဒန်တို့ သွင်းဂိုးတွေနဲ့ ဂိုးပြတ် အနိုင်ယူပြီး မန်စီးတီး ချန်ပီယံလိဂ် အုပ်စု တက်ပါပြီ

မန်ချက်စတာစီးတီးအသင်းဟာ မနေ့ညက အီတီဟက်မှာ ယန်းဘွိုင်းစ် ကို ချန်ပီယံလိဂ် အုပ်စုပွဲ အဖြစ် ဧည့်ခံ ကစားခဲ့ပြီး ဟာလန်းနဲ့ ဖိုဒန်တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၃-ဝ နဲ့ အနိုင်ရကာ စောစောစီးစီးပဲ ရှုံးထွက် အဆင့်သို့ တက်ရောက်ဖို့ သေချာသွားပြီ ဖြစ်ပါတယ်။

စီးတီးက ဒီပွဲမှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ဝေါ်လ်ကာ၊ ရူဘင် ဒီယက်စ်၊ ဂျွန်စတုန်းစ်နဲ့ ဂွါဒီယောလ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ရီကို လူးဝစ္စ၊ မက်သီယူးစ် နူးနက်စ်နဲ့ ကိုဗာချစ်ချ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဖိုဒန်၊ ဂရီးလစ်ရှ်နဲ့ ဟာလန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ပွဲစကတည်းက မန်စီးတီးတို့ ဖိကစားနေခဲ့ပြီး ရီကို လူးဝစ္စရဲ့ အနီးကပ် ကန်ချက်ကို ဂိုးစည်းပေါ်ကနေ ဘင်နီတိုက တားဆီးသွားခဲ့တာကြောင့် စောစောစီးစီး ဂိုးရခွင့်နဲ့ လွဲခဲ့ရပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာ မန်စီးတီးတို့ အဖွင့်ဂိုးရရှိသွားခဲ့ကြပြီး ဧရိယာနားမှာ ခပ်ကြမ်းကြမ်း တားဆီးနေခဲ့ကြတဲ့ ယန်းဘွိုင်းစ် ခံစစ်က ဒီတစ်ခါမှာတော့ မက်သီယူးစ် နူးနက်စ်ကို ဧရိယာထဲမှာ ခြေချိတ်မိခဲ့တာကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ဟာလန်းကပဲ ပုံမှန်အတိုင်း တာဝန်ယူပြီး ဂိုးသမားကို လှည့်စား ကန်သွင်းနိုင်ခဲ့တာပါ။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ဖိကစားနေတဲ့ မန်စီးတီးတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ကြ ပြန်ပါတယ်။ ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘောလုံးရလာတဲ့ ဂရီးလစ်ရှ်က အကွက်မြင်မြင်နဲ့ ညာတောင်ပံကို ဖြန့်ပေးခဲ့ရာမှာ ဖိုဒန်က သူနဲ့ တစ်ယောက်ချင်း ရင်ဆိုင်နေရတဲ့ ဂါစီယာကို ကျော်ဖြတ်ပြီး ထောင့်ကျဉ်းအနေအထားကနေ အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ မကန်လောက်ဘူး ထင်နေတဲ့ ဂိုးသမား အငိုက်မိခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်းမှာ မန်စီးတီးတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပြီး ဒုတိယပိုင်းအစမှာတော့ ဂျွန်စတုန်းစ်အစား အာကေကို ထည့်သွင်းလာခဲ့ပါတယ်။

ပွဲချိန် ၅၁ မိနစ်မှာတော့ မန်စီးတီးတို့ အနိုင်သေချာစေမယ့် တတိယဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာတောင်ပံကနေ ရီကို လူးဝစ္စ ဆွဲယူလာပြီး အတွင်းကို ချိုးပေးရာမှာ ကိုဗာချစ်ချ်က မယူဘဲ ကာပေးခဲ့တဲ့ ဘောလုံးကို ဟားလန်းက ဆွဲယူပြီး ဧရိယာထိပ်ကနေ ညာဘက်ထောင့်ကို ချိုးပြီး အပြင်းကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ မန်စီးတီးတို့ဘက်က ဝေါ်လ်ကာအစား ကယ်လ်ဗင် ဖိလစ်၊ ဟားလန်းအစား အော်စကာ ဘော့ဘ်၊ ကိုဗာချစ်ချ်အစား ဒိုကူးတို့ကို ထည့်သွင်းပြီး အနားပေးသွားခဲ့တာကြောင့် ဂိုးထပ်မရတော့ဘဲ ပွဲချိန်အပြည့်မှာတော့ သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် မန်စီးတီးဟာ လေးပွဲကစား လေးပွဲအနိုင်နဲ့ အုပ်စု အဆင့်ကနေ အနည်းဆုံး ဒုတိယနေရာ အာမခံချက်နဲ့ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။