မန်စီးတီး အပါအဝင် အုပ်စုပွဲ မကုန်ခင် ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တက်လှမ်းသွားတဲ့ ကလပ် ၆ သင်း

လက်ရှိ ၂၀၂၃-၂၄ ရာသီ ချန်ပီယံလိဂ်အုပ်စု ပွဲစဉ် ၄ အပြီးမှာတော့ အုပ်စုပွဲတွေ မကုန်သေးခင်မှာတင် ရှုံးထွက် ၁၆ သင်း အဆင့်ကို တက်ရောက်ခွင့်ရရှိသွားတဲ့ ၆ သင်းထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီ ၆ သင်းကတော့ လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီးနဲ့ အတူ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်၊ ဆိုစီဒက်၊ အင်တာမီလန်နဲ့ လိုက်ပ်ဇစ်အသင်းတို့ပဲ ဖြစ်ပါတယ်။

အုပ်စု A မှာ ပါဝင်နေတဲ့ ဘွန်ဒစ်လီဂါထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းဟာ ဂါလာတာစာရေးကို နာမည်ကျော် တိုက်စစ်မှူးဟယ်ရီကိန်းရဲ့ သွင်းဂိုးတွေကြောင့် ၂-၁ ဂိုးနဲ့အနိုင်ရပြီး ၄ ပွဲကစား၊ ၄ ပွဲနိုင်၊ ၁၂ မှတ်နဲ့ အုပ်စုတက်သွားပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုတွင်းမှာ စံချိန်တင်အဖြစ် ၃၈ ပွဲဆက်တိုက် လုံးဝရှုံးပွဲမရှိသေးဘဲ ၃၅ ပွဲနိုင်၊ ၃ ပွဲသရေကျခဲ့ပြီး အုပ်စုတွင်း ၁၇ ပွဲဆက်အနိုင်ရခဲ့တဲ့ စံချိန်ကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အောင်မြင်မှုအများဆုံး ရီးရဲလ် မက်ဒရစ် အသင်းဟာ ပွဲစဉ် ၄ မှာ စပို့တင်းဘရာဂါကို ၃-၀ ဂိုးပြတ်အနိုင်ရခဲ့ပြီး အင်္ဂလန်လူငယ် ကြယ်ပွင့် ဘယ်လင်ဂမ် မပါဝင်ဘဲ ဘရာဟင်ဒီယက်ဇ်၊ ဗင်နီစီယက်စ်၊ ရိုဒရီဂို တို့က ဂိုးတွေ သွင်းယူခဲ့ပါတယ်။

ရီးရဲလ်အသင်းကလည်း ၄ ပွဲကစားပြီးချိန်မှာ ရာနှုန်းပြည့်အနိုင်နဲ့အတူ ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်ရောက်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

အုပ်စု D မှာတော့ ဆိုစီဒက်နဲ့ ချန်ပီယံဟောင်း အင်တာမီလန်တို့က ၁၀ မှတ်စီရရှိပြီး နောက်တစ်ဆင့် တက်ခဲ့ကြပါတယ်။

အုပ်စု G မှာ လက်ရှိ ချန်ပီယံမန်စီးတီး၊ လိုက်ပ်ဇစ်အသင်းတို့ ရှုံးထွက် ၁၆ သင်းအဆင့် တက်ရောက်ခွင့် ရရှိသွားပါတယ်။ မန်စီးတီးအသင်းဟာ ယန်းဘွိုင်းစ်ကို ၃-၀ ဂိုးပြတ်အနိုင်ယူပြီး ၄ ပွဲကစား၊ ၄ ပွဲနိုင်နဲ့ အုပ်စုကနေ တက်ခွင့်ရရှိခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် လက်ရှိချန်ပီယံအသင်း အုပ်စုတွင်း ၄ ပွဲစလုံး အနိုင်ရခဲ့တာက မန်စီးတီးအပါအဝင် ၃ သင်းသာရှိသေးပြီး အရင်က ဘိုင်ယန်မြူးနစ်(၂ကြိမ်)၊ ရီးယဲလ်တို့ဟာ အခုလို မှတ်တမ်းကောင်းပိုင်ဆိုင်ခဲ့ကြပါတယ်။

တခြားအုပ်စုတွေမှာတော့ နောက်တစ်ဆင့်တက်ဖို့အတွက် ပွဲစဉ် ၅ မှာ အဆုံးအဖြတ်ခံယူရဦးမှာဖြစ်ပြီး စိတ်ဝင်စားစရာ အကောင်းဆုံးနဲ့ အကြိတ်အနယ်အရှိဆုံးက မရဏ အုပ်စု အဖြစ် သတ်မှတ်ခံထားရတဲ့ အုပ်စု F ပါပဲ။

အုပ်စု F မှာ ဒေ့ါမွန်က ၇ မှတ်၊ PSG ၆ မှတ်၊ အေစီမီလန် ၅ မှတ်၊ နယူးကာဆယ် ၄ မှတ် ရရှိ ထားတာကြောင့် နောက်တစ်ဆင့်တက်ဖို့ အသင်းတိုင်းမှာ အခွင့်အရေးရှိနေဆဲဖြစ်ပါတယ်။