လီဗာပူးလ်နဲ့ ပွဲ အမှီ ဟာလန်း ပြန်လာနိုင်ဖို့ မသေချာလို့ မန်စီးတီး အကြပ်ရိုက်၊ ဒဏ်ရာ ရ ကစားသမားတွေ များလာနေ
မန်စီးတီး တိုက်စစ်မှူးဟာလန်းဟာ ခြေကျင်းဝတ် ဒဏ်ရာကြောင့် နော်ဝေ လက်ရွေးစင်အသင်း လူစာရင်းကနေ နှုတ်ထွက်ခဲ့ပြီး လီဗာပူးလ်နဲ့ ပရီးမီးယားလိဂ်ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝလာဖို့ ရုန်းကန်ရမဲ့အနေအထား ဖြစ်နေပါတယ်။
ကြာသပတေးနေ့က ဖာရိုးကျွန်းစုများအသင်းကို ၂-၀ ဂိုးနဲ့အနိုင်ရတဲ့ ခြေစမ်းပွဲ၊ ဒုတိယပိုင်းမှာ ဟာလန်း လူစားဝင်ကစားခဲ့ပြီး ပွဲကစားချိန်အတွင်း ခြေချင်းဝတ် လည်သွားပေမဲ့ ပွဲပြီးတဲ့အထိ ဆက်ကစားခဲ့ပါတယ်။
တိုက်စစ်မှုး ဟာလန်းဟာ အခု နိုဝင်ဘာ ၄ ရက်တုန်းက ဘုန်းမောက်ကို ၆-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာလည်း ခြေချင်းဝတ်ဒဏ်ရာကြောင့် ပထမပိုင်းအပြီးမှာပဲ လူစားလဲခံခဲ့ရသလို တစ်လအတွင်း ဒုတိယအကြိမ် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပါ။

နောက်တစ်ပတ် စနေနေ့ကျရင် လီဗာပူးလ်နဲ့ကစားမဲ့ အရေးကြီးပွဲမှာ မပါဝင်နိုင်မှာကို မန်စီးတီးပရိသတ်တွေက စိုးရိမ်နေကြပါတယ်။
အဲဒီဒဏ်ရာကြောင့် ဟာလန်းဟာ စကော့တလန်နဲ့ယူရိုခြေစစ်ပွဲအတွက် နော်ဝေအသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ပြီး နော်ဝေအသင်းနည်းပြ ဆိုလ်ဘက်ကန်က ဟာလန်းနေရာမှာ အစားထိုးဖို့ တခြားကစားသမားတစ်ဦးကို ရွေးချယ်မှာ မဟုတ်ပါဘူး။
နော်ဝေအသင်းဟာ ယူရို-၂၀၂၄ ခြေစစ်ပွဲမှာ တိုက်ရိုက် ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်ချက်မရှိတော့ဘဲ Play off ကစားခွင့် ရဖို့ အတွက်ပဲ အာရုံစိုက်ရတော့မှာဖြစ်ပါတယ်။
ဟာလန်းရဲ့ဒဏ်ရာသတင်းက မန်စီးတီးနည်းပြဂွါဒီယိုလာအတွက် စိုးရိမ်စရာဖြစ်စေပြီး တကယ်လို့ အိမ်ကွင်းမှာ လီဗာပူးလ်နဲ့ကစားမဲ့ ပွဲကြီးပွဲကောင်းမတိုင်ခင် ဟာလန်း ကြံ့ခိုင်မှု မပြည့်ဝလာရင် မန်စီးတီးတိုက်စစ်ပိုင်းမှာ အားနည်းချက်ဖြစ်လာဖို့ရှိနေပါတယ်။
ဒါပေမဲ့လည်း နော်ဝေအသင်းရဲ့ ဆရာဝန်တစ်ဦးဖြစ်သူ အိုလာဆန်းဒ်က ဟာလန်းဟာ နာကျင်မှုခံစားခဲ့ရပေမဲ့ သူ့ဒဏ်ရာက အရမ်းကြီး ဆိုးရွားမဲ့ အနေအထား မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
အသင်းဆရာဝန် အိုလာဆန်းဒ်က
“ဟာလန်းဟာ ဘုန်းမောက်နဲ့ပွဲတုန်းက ထိခိုက်မိတဲ့နေရာကိုပဲ နောက်တစ်ကြိမ်ပြန်ထိသွားခဲ့တာပါ။ သူ့ရဲ့ခြေချင်းဝတ်က နည်းနည်းလည်သွားပြီး စစချင်းမှာတော့ အရမ်းနာပေမဲ့ နောက်ပိုင်းမှာ တဖြည်းဖြည်း သက်သာလာပါတယ်။ ဟာလန်း ဘယ်လိုအခြေအနေရှိလဲဆိုတာ မနက်ဖြန်အထိ စောင့်ကြည့်ရမှာဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းမှာ ဟာလန်းအပြင် အီဒါဆင်၊ အကီ၊ ကိုဗာချစ်၊ မက်သယူးနူးနက်ဇ်တို့အားလုံး ဒဏ်ရာပြဿနာတွေကြောင့် လက်ရွေးစင် အသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့တဲ့အတွက် လီဗာပူးလ်နဲ့ပွဲအမီ ပါဝင်ကစားနိုင်အောင် ရုန်းကန်ရမှာ ဖြစ်ပါတယ်။
