နဗီး ရဲ့ Dream Team မှာ မန်စီးတီး အသင်းသား ၂ ဦး ပါဝင်နေပြီး ကာရေဂါရဲ့ အသင်းကလည်း စိတ်ဝင်စားဖွယ် ရှိနေ
မန်ယူ ကစားသမားဟောင်းကြီး ဂယ်ရီ နဗီးနဲ့ လီဗာပူး နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါတို့ဟာ ပရီးမီးယားလိဂ် ကစားသမားတွေထဲ သူတို့ အကြိုက်ဆုံး ၅ ဦး ပါ Dream Team အသင်းကို ကိုယ်စီ ရွေးချယ်မှု ပြုလုပ်ခဲ့ပါတယ်။
ဂိုးသမား နေရာအတွက် နှစ်ဦးလုံးက အကြိုက်တူကာ ယူနိုက်တက် ကစားသမားဟောင်း ပီတာ ရှမိုက်ကယ်ကို ရွေးချယ်ခဲ့ကြတယ်။ ရှမိုက်ကယ်ဟာ မန်စီးတီးမှာလည်း ၁ ရာသီ ကစားခဲ့ပေမယ့်လို့ ယူနိုက်တက်နဲ့ အောင်မြင်မှုကြီးတွေ ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။
နဗီးကတော့ ‘ဂိုးပေါက်ရှေ့က ရှမိုက်ကယ်ကို ကျော်ဖြတ်လို့ကို မရတာပါ’ လို့ မှတ်ချက်ပေးခဲ့ပြီး ကာရေဂါကလည်း ‘ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဂိုးသမား’ အဖြစ် ထောက်ခံခဲ့တယ်။
နောက်ထပ် တစ်ဦးအဖြစ် ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းကိုလည်း နဗီးရော ကာရေဂါ ပါ တူညီစွာ ရွေးချယ်ခဲ့ကြတယ်။ ဒါပေမယ့် ကျန် ၃ ဦး ရွေးချယ်မှုမှာတော့ သူတို့ နှစ်ဦးဟာ သိသိသာသာ ကွဲလွဲသွားပါတယ်။

ဂယ်ရီနဗီးကတော့ ရော်နယ်ဒိုနဲ့ ရွန်းနီတို့ကို ရွေးချယ်ခဲ့ကာ ယူနိုက်တက် ကစားသမား မဟုတ်တဲ့ တစ်ဦး တည်းသော ရွေးချယ်မှုအဖြစ် မန်ချက်စတာ မြို့ခံပြိုင်ဘက် မန်စီးတီးမှ ဒီဘရိုင်းကို ထည့်သွင်းခဲ့ပါတယ်။
ဒီဘရိုင်းဟာ အခုထိ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ကွင်းလယ် တစ်ဦး အဖြစ် မှတ်ကျောက်တင်ခံထားနိုင်ဆဲဖြစ်ပြီး ဒါကြောင့်လည်း မြို့ခံ ပြိုင်ဘက် ဖြစ်တာတောင် နဗီးတို့ မျက်နှာမလွှဲဘဲ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ကာရေဂါကတော့ သူ့ရဲ့ တွဲဘက်ဟောင်း စတီဗင်ဂျရတ်၊ ချယ်ဆီး ဂန္တဝင် တယ်ရီ၊ အာဆင်နယ် ဂန္တဝင် အွန်နရီတို့ကို ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။
