မန်စီးတီးရဲ့ အဓိက ဖလားပြိုင်ဘက်က အာဆင်နယ်လား? လီဗာပူးလား? ဖာဒီနန် သုံးသပ်လာ

ပရီးမီးယားလိဂ် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန်ကတော့ အာဆင်နယ်အသင်း ပိုင်ဆိုင်ထားတဲ့ တြိဂံအတွဲဟာ လီဗာပူးထက် အနည်းငယ် သာလွန်းနေတာက ဒီရာသီ ဖလား ပြိုင်ဆိုင်မှုအပေါ် သက်ရောက်မှုရှိလိမ့်မယ်လို့ ထောက်ပြလာပါတယ်။

စနေနေ့ ပွဲတွေအပြီး အာဆင်နယ်ဟာ မန်စီးတီးနဲ့ လီဗာပူးကို ကျော်ကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်သွားခဲ့ပါတယ်။ ကလပ် ၃ သင်းကြား ရမှတ်ကွာဟချက်တွေ သိပ်ကျဉ်းမြောင်းနေတာကြောင့် ပိုကောင်းတဲ့ ခံစစ် ဒါမှမဟုတ် တိုက်စစ် ရှိနေတဲ့ အသင်းက အားသာချက် ရှိလာပါလိမ့်မယ်။

ဒီရာသီ မန်စီးတီးရဲ့ အကြီးမားဆုံး ပြိုင်ဘက်က အာဆင်နယ်လား? လီဗာပူးလား? ဆွေးနွေးမှုမှာ ဖာဒီနန်က –

“ ဆာလီဘာနဲ့ ဂါဘရီရယ်တို့ ဘယ်လောက်တောင် ကောင်းသလဲဆိုတာကို ကျနော်တို့ စကားပြောဖြစ်ခဲ့တယ်။ သူတို့ နှစ်ဦးက တိုက်ခိုက်လိုစိတ် ရှိကြတယ်။ ခံစစ်လိုင်း ခပ်မြင့်မြင့်နဲ့အတူ ခုခံလိုစိတ်လည်း ရှိကြပါတယ်။

အာဆင်နယ် ခံစစ်ကြောင်းရဲ့ အရှေ့မှာ ဒီကလန်ရိုက်စ် ရှိနေတာနဲ့အတူ ဆာလီဘာတို့ဟာ လိဂ်ရဲ့ အကောင်းဆုံး ခံစစ်ဆိုတဲ့ မှတ်တမ်းကိုလည်း ရထားပါတယ်။ ဒီ တြိဂံတွဲလုံးကပဲ အာဆင်နယ်အသင်း တိုက်စစ်ကစားဖို့ရာ အဓိက သော့ချက် ဖြစ်သလို ဒီခံစစ်ကြောင့်ပဲ သူတို့ အောင်မြင်နိုင်ပါတယ်။

ဒီကနေ့ခေတ် ပွဲတွေမှာ ကိုယ်က ပြိုင်ဘက်အသင်းထက် ဘယ်လောက် မြန်မြန် ပြေးလွှားနိုင်လဲအပေါ် မူတည်ပါတယ်။ အထူးသဖြင့်ကတော့ ခံစစ်ပေါ့လေ။ ခံစစ်လိုင်းကို မြင့်မြင့်ထားပြီး ကစားရင် တိုက်စစ်သမားတွေက အတော်လေး ဒုက္ခပေးလေ့ ရှိပါတယ်။

အခု အာဆင်နယ်မှာတော့ ဆာလီဘာနဲ့ ဂါဘရီရယ်တို့ တွဲကစားနေတာ သိပ်ကောင်းပါတယ်။ တစ်ခုခုကို အနိုင်ရဖို့ဆိုရင် ယုံကြည်ရလောက်တဲ့ ခံစစ်အတွဲ ရှိနေဖို့ လိုပါတယ်။

အဲ့တာကြောင့်ပဲ အာဆင်နယ်က လီဗာပူးကို ကျော်ပြီး ဒီရာသီ မန်စီးတီးရဲ့ အဓိက ပရီးမီးယားလိဂ် ပြိုင်ဘက် ဖြစ်နိုင်တယ်လို့ ကျနော် မြင်မိတာပါ ” လို့ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။