ဖလား ၃ လုံး အောင်မြင်မှုကြောင့် ဒီရာသီ မန်စီးတီး ဘာတွေကို ပေးဆပ်ခဲ့ရလဲ ဖွင့်ချလိုက်တဲ့ ဂွာဒီယိုလာ
လီဗာပူးကို သရေကျတဲ့ပွဲနောက်ပိုင်း ကြားရက် ချန်ပီယံလိဂ်ပွဲကြို အင်တာဗျူးမှာတော့ ရာသီကြိုမှာ စီးတီးဟာ လေ့ကျင့်ရေးစတင်ဖို့ ရက်တွေ အများကြီး ပိုနောက်ကျထားကြောင်း ဂွာဒီယိုလာက ပြောပြလာပါတယ်။
မန်စီးတီးဟာ မနှစ်ကရာသီ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်တွေကြောင့် ရာသီကြို လေ့ကျင့်ရေးဝင်ဖို့ နောက်ကျခဲ့တာပါ။ ဒါကြောင့်ပဲ ပြိုင်ဘက် ကလပ်တွေနဲ့ နှိုင်းယှဉ်ရင် ပြင်ဆင်ချိန်တွေ သိပ်မရခဲ့တာဖြစ်ပါတယ်။
” လီဗာပူးအသင်းက ကျနော်တို့ထက် ၁၅ ရက်လောက် စောပြီး လေ့ကျင့်ရေး ဝင်ထားရတာ ဖြစ်ပါတယ်။ အဲ့တာက ဘယ်လို ၁၅ ရက်လဲဆိုတာ သိကြလား? ကျနော်တို့ အက်ဖ်အေဖလား ဖိုင်နယ်နဲ့ ချန်ပီယံလိဂ် ဖိုင်နယ်တွေ ကစားနေခဲ့ရတာပါ။
လီဗာပူးက ကစားသမားသစ်တွေနဲ့အတူ ၁၅ ရက် အချိန်ပိုရထားပါတယ်။ လီဗာပူးပွဲအတွက် ကျနော်တို့မှာ နည်းစနစ်ပိုင်းတောင် မလုပ်နိုင်ခဲ့ပါဘူး။ ယာဂင်ကလော့ပ်လည်း ဒါကို သိပါတယ်။ ကျနော်တို့ ဘောလုံးနဲ့အတူ ၁၀ မိနစ်လောက်ပဲ ကစားခဲ့ရတယ်၊ ခံစစ်ပိုင်း ၁၀ မိနစ်လောက်ပဲ အလုပ်လုပ်ခဲ့ရပါတယ်။
အခုဆို အင်္ဂါနေ့ပွဲအတွက်လည်း ကျနော်တို့ လေ့ကျင့်ချိန် မရထားပါဘူး။ လေ့ကျင့်ပြန်ရင်လည်း ပွဲအတွက် သုံးနိုင်မယ့် ကစားသမား မရှိပါဘူး။ လေ့ကျင့်လိုက်ရင် သူတို့ကို သုံးလို့ မရတော့ပါဘူး ” လို့ ဂွာဒီယိုလာက ပြောသွားခဲ့တာ ဖြစ်ပါတယ်။
ဒီဇင်ဘာမှာတော့ များစွာသော ပွဲတွေ ဆက်တိုက် လာတော့မှာဖြစ်ပြီး ကစားသမားတွေရဲ့ ကြံ့ခိုင်မှုနဲ့ သုံးနိုင်စွမ်းတွေဟာ ဆုဖလား ယှဉ်ပြိုင်မှုတွေမှာ အဓိကကျလာဖို့ ရှိနေတာ ဖြစ်ပါတယ်။
