Comeback တစ်ပွဲနဲ့ ချန်ပီယံလိဂ် ပြိုင်ဘက်တွေကို သတိပေးစကား ထုတ်ပြောသွားတဲ့ ဂွာဒီယိုလာ

အိမ်ကွင်းမှာ လိုက်ဇစ်ကို ၂ ဂိုးပေးရပြီးနောက် ၃ ဂိုး လိုက်သွင်းကာ အနိုင်ရလဒ်ကို ပုံဖော်နိုင်ခဲ့ခြင်းနဲ့အတူ မန်စီးတီးဟာ Comeback နိုင်ပွဲ ဖော်ဆောင်နိုင်ကြောင်း ပြသခဲ့ပါတယ်။

မန်စီးတီးကစားသမားတွေဟာ အခုလို အနိမ့်အမြင့် အတက်အကျ များပြားလွန်းတဲ့ ပွဲစဉ်မှ သင်ခန်းစာတွေရယူဖို့ နည်းပြက မျှော်လင့်ထားတယ်။ လိုက်ဇစ်ပွဲရလဒ်ကတော့ ရှုံးထွက်အဆင့်မှာ ပြိုင်ဘက်တွေကို Comeback လုပ်ပြနိုင်ကြောင်း သတိပေးချက်ပါလို့ ပက်ဂွါဒီယိုလာက ပြောဆိုလိုက်ပါတယ်။

ဂွာဒီယိုလာက “ အခုလိုပွဲစဉ်မျိုးမှာ သက်သောင့်သက်သာ အနိုင်ရရှိဖို့ဆိုတာ မရှိပါဘူး။ ဒါကို သဘောပေါက်ဖို့အတွက် မှန်ရှေ့နားသွားပြီး ပိုကောင်းအောင်လုပ်ဖို့ လိုနေသေးတယ်လို့ ကိုယ့်ဘာသာ သဘောပေါက်ရပါမယ်။

ဒါပေမယ့် ဖေဖော်ဝါရီလ ၁၆ သင်း ရှုံးထွက်အဆင့်စတင်ချိန်မှာ ကျွန်တော်တို့တွေ အုပ်စုဗိုလ် ဖြစ်နေပါလိမ့်မယ်။ ဘယ်ပြိုင်ဘက်နဲ့ရင်ဆိုင်ရမလဲဆိုတာ မသိသေးပေမယ့် ဒုတိယအကျော့ကတော့ အိမ်ကွင်းမှာ ကစားရပါမှာပါ။

လိုက်ဇစ်နိုင်ပွဲက ကျွန်တော်တို့မှာ Comeback နိုင်ပွဲတစ်ခုကို လုပ်ဆောင်နိုင်စွမ်းရှိကြောင်း နောက်တစ်ကြိမ် ပြသခြင်း ဖြစ်ခဲ့ပါတယ် ” လို့ ပြောခဲ့တာဖြစ်ပါတယ်။

မန်စီးတီးက အုပ်စုပွဲစဉ်တစ်ပွဲ ကစားရဖို့ ကျန်ရှိနေစဉ်မှာပဲ အုပ်စုဗိုလ်နေရာကို ပြတ်ပြတ်သားသား သိမ်းပိုက်ထားနိုင်ခဲ့ကာ ၁၆ သင်းအဆင့် ရှုံးထွက်မှာ ဘယ်လို ပြိုင်ဘက်ကို ရင်ဆိုင်ရမလဲက စိတ်လှုပ်ရှားစရာပဲ ဖြစ်ပါတယ်။