မန်စီးတီးကို အရေးယူမလား ကိစ္စ ကြေညာမယ့် ရက်စွဲ ပရီးမီးယားလိဂ်နဲ့ သဘောတူညီမှု ရခဲ့ပါပြီ

မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်တို့ဟာ ဘဏ္ဍာရေးစည်းမျဉ်းပေါင်း ၁၁၅ ချက်ကို ချိုးဖောက်ထားခြင်းကိစ္စအား အပြီးသတ် ကြေညာမယ့် ရက်စွဲအား သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။

အဆိုပါ စွဲချက်အား စီရင်ချက်ချမှတ်ချိန်မှာ မန်စီးတီးဟာ ကြီးမားတဲ့ ရမှတ်လျော့ ပြစ်ဒဏ်ကို ရင်ဆိုင်ရမယ်လို့ သတင်းကြီးထားတာပါ။

မန်စီးတီးဟာ ပရီးမီးယားလိဂ် စည်းမျဉ်းကို အဲဗာတန်ထက် အကြိမ် ၁၀၀ ကျော် ချိုးဖောက်ထားကြောင်း စွဲချက်တင်ခံထားရတာပါ။ အဲဗာတန်ကိုတောင် ၁၀ မှတ်လျော့လိုက်ကတည်းက မန်စီးတီးဟာ အဆပေါင်းများစွာ ပိုကြီးမား ပြင်းထန်တဲ့ အရေးယူခြင်းကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

များစွာသော သုံးသပ်သူတွေကတော့ ပရီးမီးယားလိဂ်ထက် များစွာ နိမ့်ကျတဲ့ လိဂ်ပြိုင်ပွဲထိ မန်စီးတီးတို့ တန်းဆင်းရနိုင်တယ်လို့ မှတ်ချက်ပေးထားကြပါတယ်။

၂၀၁၈ ကတည်းက စတင် စုံစမ်းနေတဲ့ မန်စီးတီးရဲ့ ဘဏ္ဍာရေး ချိုးဖောက်မှု ကိစ္စတွေကိုတော့ ကာလရှည် စစ်ဆေးခဲ့ကြပြီးတဲ့နောက် ၂၀၂၄ ခုနှစ် ဆောင်းဦးနှောင်းပိုင်း ကာလရဲ့ ရက်စွဲတစ်ခုမှာ တရားဝင် စီရင်ချက်ချမယ်လို့ သိရပါတယ်။

အဲဗာတန်ရဲ့ ၃ နှစ်အတွင်း စည်းမျဉ်းဖောက်မှုအတွက်တင်ပဲ စာရွက်စာတမ်း ၄၀၀၀၀ ကို စစ်ဆေးခဲ့တာဖြစ်လို့ မန်စီးတီးရဲ့ ကာလရှည် ချိုးဖောက်မှုတွေအတွက် ဘယ်လောက်များတဲ့ စာရင်းတွေကို စစ်ဆေးနေရတယ်ဆိုတာ ခန့်မှန်းဖို့တောင် မလွယ်ကူဘူးလို့လည်း ဒေးလီးမေလ်းက ဖော်ပြသွားတာ ဖြစ်ပါတယ်။