မန်စီးတီး ပရီးမီးယားလိဂ်ဖလား မရနိုင်ဘူး အထင်သေးသူတွေအား တုန့်ပြန်လာတဲ့ ဂွာဒီယိုလာ

မန်စီးတီး နည်းပြ ဂွာဒီယိုလာကတော့ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရမှာက အာဆင်နယ်နဲ့ လီဗာပူးအသင်းတို့ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

ဒီတလောမှာ မန်စီးတီးတို့ နိုင်ပွဲတွေ မယူနိုင်ဖြစ်နေခြင်းကနေ မန်ချက်စတာကလပ်ကို သံသယဝင်သူတွေ ပေါများလာပါတယ်။ ဂွာဒီယိုလာကတော့ သမိုင်းမှာ ဘယ်သူမှ မလုပ်နိုင်သေးတဲ့ ၄ ကြိမ်ဆက် ချန်ပီယံဘွဲ့ကို အရယူပြနိုင်ဖို့ စိတ်အားထက်သန်နေဆဲပါ။

ဂွာဒီယိုလာက ‘ ဒီအခြေအနေကို ကျနော်လည်း ရင်ဆိုင်ဖူးခြင်း မရှိဘူး။ ပိုကောင်းအောင် လုပ်မယ်ဆိုတဲ့ လုံ့ဆော်မှုပဲ ရှိပါတယ်။ တစ်ခုခုကို အောင်မြင်ချင်ရင် ကိုယ့်ရဲ့ ပြိုင်ဘက်တွေထက် ပိုကောင်းရပါမယ်။

ဒီနေ့ ကျနော်ရဲ့ ခံစားချက်ကတော့ မန်စီးတီး ပရီးမီးယားလိဂ်ဖလား အနိုင်ရမှာပါ။ လီဗာပူး၊ စပါးပွဲတွေမှာ ကျနော်တို့ ကစားပြခဲ့တဲ့ အဆင့်အတန်းနဲ့ဆိုရင် ကျနော်တို့ နောက်တစ်ကြိမ် ထပ်ပြီး အနိုင်ရမှာပါ။

၃ ရာသီဆက် အနိုင်ယူပြီးနောက် ကျနော်တို့ကို လူတွေ မယုံကြည်ကြတော့ပေမယ့် ကျနော်တို့ ထပ်ပြီး လုပ်ပြနိုင်ပါတယ်။ ပရီးမီးယားလိဂ်ကို ၄ ရာသီဆက် ဘယ်အသင်းမှ မယူပြဖူးတော့ ဒါက မလွယ်ကူဘဲ ခက်ခဲမယ်ဆိုတာ သိပါတယ်။

ဒါပေမယ့် ကျနော့်ရဲ့ ခံစားချက်ကို လာမေးရင်တော့ ကျနော်တို့ နောက်ထပ် တစ်ကြိမ် လုပ်ပြချင်ပါတယ် ’ လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

လက်ရှိမှာ စီးတီးဟာ ဇယားထိပ်က အာဆင်နယ်နဲ့ ၆ မှတ်ထိ ကွာဟနေတာ ဖြစ်ပါတယ်။