အခြေအနေ မကောင်းဖြစ်နေတဲ့ မန်စီးတီးတို့ နိုင်ပွဲရဖို့ နည်းလမ်းရှာရတော့မယ်လို့ ဂွာဒီယိုလာ ဝန်ခံ

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးက ယနေ့မနက် အစောပိုင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၁၅) အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်စ်တွန်ဗီလာနဲ့ ပွဲစဉ်မှာ ဗီလာကို အဝေးကွင်းမှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဒီပွဲ ရှုံးသွားတာကြောင့် မန်စီးတီးဟာ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ အတွက် ရုန်းကန်ရမယ့် အနေအထားကို ရောက်ရှိသွားပါတယ်။ ဒီပွဲရလဒ်ကြောင့် မန်စီးတီးတို့ ပရီးမီးယားလိဂ်မှာ (၄) ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပါတယ်။

ပွဲအပြီးမှာ ဂွာဒီယိုလာကတော့ ‘‘ ကျွန်တော်တို့ ရုန်းကန်ခဲ့ရတယ်။ အထူးသဖြင့် ပထမပိုင်းမှာပေါ့။ ဒုတိယပိုင်းကတော့ လုံးဝကို ကွဲပြားခြားနား သွားခဲ့ပါတယ်။

တိုက်စစ်ပိုင်းမှာဆိုရင် ပို့ပေးတာတွေနဲ့ ရွေ့လျားမှုတွေဟာ တစ်ပွဲလုံးကို မကောင်းခဲ့ပါဘူး။ ကျွန်တော်တို့အဆင့်ကို ကျွန်တော်တို့ သိတာပေါ့။

နည်းပြတစ် ယောက်အနေနဲ့ကတော့ ပွဲတွေအနိုင်ရဖို့ နည်းလမ်းရှာရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နည်းနည်းလေး ရုန်းကန်နေရပြီ။ ကျွန်တော်က သူတို့ကို ကူညီပေးဖို့ ဒီကို ရောက်နေတာပါ’’ လို့ ဂွါဒီယိုလာက ပြောခဲ့ပါတယ်။

ဗီလာကို ရှုံးနိမ့်ခဲ့တာကြောင့် ပွဲစဉ်(၁၅) အပြီးမှာ မန်ချက်စတာ စီးတီးက အဆင့်(၄)နေရာ အထိ ဆင်းပေးခဲ့ရသလို အဆင့်(၁)နေရာမှာ ရှိနေတဲ့ အာဆင်နယ်နဲ့ ရမှတ် ၆မှတ် အထိ ပြတ်တောက်သွားခဲ့ပြီး ချန်ပီယံဘွဲ့ကို ကာကွယ်ချင်ရင် လက်ကျန်ပွဲတွေမှာ အမှားအယွင်းတွေ လုပ်လို့ မရတော့ပါဘူး။