မန်စီးတီးရဲ့ ချန်ပီယံ ရေပန်းစားမှုအား ယခင်လထက် ထက်ဝက်မက လျော့ချလိုက်တဲ့ စူပါကွန်ပျူတာ

မန်စီးတီးအသင်းက ဗီလာကိုအရေးနိမ့်ခဲ့ပြီးနောက် စူပါကွန်ပျူတာက ချန်ပီယံဆုအတွက် စီးတီးရဲ့အခွင့်အရေး ရရှိနိုင်မှုနှုန်းကို လျော့ချလိုက်ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ အပြီးမှာ ဂွာဒီယိုလာရဲ့ စီးတီးအသင်းဟာ လက်ရှိ အမှတ်ပေးဇယားမှာ ထိပ်ဆုံးနေရာက အာဆင်နယ်နဲ့ ၆ မှတ်အကွာအဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ စပိန်သားနည်းပြက ဗီလာကို အရေးနိမ့်ခဲ့ပြီးနောက် အသင်းတွင်းမှာ ရုန်းကန်နေရတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ခန့်မှန်းမှုတွေအရ လက်ရှိစီးတီးအနေအထားဟာ ချန်ပီယံဆုအတွက် အနည်းငယ် ခက်ခဲလာပြီလို့ ဆိုနေကြပါတယ်။ ဒါ့အပြင် အခြားခန့်မှန်း ဝက်ဘ်ဆိုက်တွေကလည်း စီးတီးဟာ အခုနှစ် ချန်ပီယံဖြစ်နိုင်မယ့် % လျော့ကျလာခဲ့ပြီဖြစ်ကာ ရေပန်းမစားတော့ဘူးလို့ ဖော်ပြနေကြပါတယ်။

လက်ရှိမှာ အာဆင်နယ်ကို ဖိအားပေးနေတာက လီဗာပူးအသင်းဖြစ်ပြီး ၂ မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

နောက်ဆုံးထွက် စူပါကွန်ပျူတာ တွက်ချက်မှုမှာတော့ အာဆင်နယ်ဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ၃၂% အထိ ရှိလာတယ်လို့ ဖော်ပြခဲ့ပါတယ်။

စီးတီးကတော့ နိုဝင်ဘာလအစတုန်းက ၇၀% အထိ ရှိခဲ့ပေမယ့် အခုချိန်မှာ ၂၉% အထိ ကျဆင်းလာခဲ့ပါတယ်။