လူတန်တောင်းပွဲမှာ ဒဏ်ရာကြောင့် မပါနိုင်တဲ့ ဟာလန်း ဘောလုံးပြန်ကစားနိုင်မယ့် အချိန်

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဟာလန်း ဘယ်အချိန်မှာ ပြန်ကစားနိုင်မယ်ဆိုတာကို မသိသေးပေမယ့် ကလပ်ကမ္ဘာ့ဖလားပွဲအမီ ကြံ့ခိုင်မှု ပြည့်ဝလာရန် မျှော်လင့်ရကြောင်း ပြောကြားလာပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့ ကြားရက်မှာ ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ပွဲမှာ အဆိုပါ ဒဏ်ရာကို ရရှိခဲ့ဟန်ရှိပြီး သူမပါဝင်နိုင်တဲ့ လူတန်တောင်းပွဲမှာ မန်စီးတီးအသင်းက အနိုင်ရရှိဖို့ ရုန်းကန်လိုက်ရပါတယ်။

ပထမပိုင်းမှာ ပြိုင်ဘက်ရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုလိုက်ရတာကြောင့် ဒုတိယပိုင်းမှာ နောက်ကနေ အသည်းအသန် လိုက်ကစားခဲ့ရတာပါ။ ဒါပေမယ့် ဘာနာဒိုဆေးလ်ဗားရဲ့ ချေပဂိုး၊ ဂရီလစ်ရှ်ရဲ့ အနိုင်ဂိုးတွေကို ဆက်တိုက် ရရှိခဲ့တာကြောင့် (၅) ပွဲဆက် နိုင်ပွဲပျောက်မယ့်အရေးကနေ လွတ်မြောက်ခဲ့ပါတယ်။

ဟာလန်းရဲ့ ဒဏ်ရာနဲ့ ပတ်သက်လို့ ဂွါဒီယိုလာက “ဟာလန်းရဲ့ ခြေထောက်မှာ Bone Stress ဖြစ်ခဲ့ပြီး နောက်ဆုံးပွဲမှာ သူ ဒီဒဏ်ရာကို စတင်ခံစားခဲ့ရပါတယ်။ သူ ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။ ဘယ်အချိန်အထိ အနားယူရမယ်ဆိုတာကိုလည်း ကျွန်တော်တို့ မသိနိုင်ပါဘူး။

တစ်ပတ်ချင်း၊ တစ်ရက်ချင်း ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ ကလပ်ကမ္ဘာ့ဖလားအမီ ပြန်ကောင်းလာဖို့တော့ မျှော်လင့်နေတယ် ” လို့ ပြောကြားခဲ့ပါတယ်။

မန်စီးတီးဟာ မနှစ်ကရာသီ ချန်ပီယံလိဂ်ဖလား အောင်မြင်ခဲ့ကာ ဒီရာသီမှာ ဥရောပစူပါဖလားကို အောင်မြင်ထားပြီး ကလပ် ကမ္ဘာ့ဖလားပါ အနိုင်ရဖို့ ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။