၅၁% ထိ ဖြစ်နိုင်ချေရှိတဲ့ ဒီရာသီ ပရီးမီးယားလိဂ် ရမယ့် အသင်းကို နည်းပြ မော်ရင်ညို ထုတ်ဖော်

ပရီးမီးယားလိဂ် ကစားသမားဟောင်း John Obi Mikel ရဲ့ The Obi One Podcast အစီအစဉ်မှာ တက်ရောက် စကားပြောခဲ့တဲ့ မော်ရင်ညိုကတော့ ဒီရာသီ ချန်ပီယံ ဘယ်အသင်းဖြစ်မလဲ သူ့အမြင်ကို ထုတ်ပြောခဲ့ပါတယ်။

မီခေလ်းက ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဘယ်အသင်းဖြစ်မလဲ မေးချိန်မှာ မော်ရင်ညိုက ‘မန်စီးတီးဖြစ်နိုင်ချေ ၅၁%၊ လီဗာပူးက ကျန် ၄၉% ’လို့ ဖြေခဲ့ပါတယ်။ မီခေလ်းကပဲ ဇယားထိပ်မှာ ရှိနေတဲ့ အာဆင်နယ်ကောလို့ ဆက်မေးချိန်မှာ မော်ရင်ညိုက ‘မဖြစ်နိုင်ဘူး ’ လို့ ပြတ်ပြတ်သားသား တုန့်ပြန်ခဲ့ပါတယ်။

မော်ရင်ညိုကတော့ ‘ အာဆင်နယ်နဲ့ ပြိုင်ဘက်ဖြစ်ခဲ့တာကြောင့် မဟုတ်ဘူး၊ သူတို့အတွက် မှန်ကန်တဲ့ အခိုက်အတန့် ဖြစ်မနေတာကြောင့်ပဲ။ ပြိုင်ဘက်ဖြစ်ခဲ့တာတွေကို ဘေးချိတ်ထားရင် သူတို့ကို ကျနော် ချန်ပီယံဖြစ်စေချင်ပါတယ်၊ သူတို့ဖြစ်ခဲ့ရင် သဘောကျမိမှာပါ။

သူတို့က ဖလားရဖို့ တတိယနေရာမှာပဲ ရှိနေပါတယ်။ သေချာပါတယ် ချယ်ဆီး မရနိုင်ပါဘူး။ ချယ်ဆီးရဖို့ မဖြစ်နိုင်ဘူး။ ယူနိုက်တက်လည်း မရနိုင်ပါဘူး။ ဒီတော့ ချန်ပီယံ ဖြစ်နိုင်ဖွယ်ရှိတဲ့ ဒီ ၃ သင်းကြားမှာ အာဆင်နယ် ရသွားခဲ့ရင်တော့ ကျနော် ပျော်မိမှာပါ။

ဒါပေမယ့် မန်စီးတီးက ရနိုင်ချေ ၅၁%၊ လီဗာပူးက ၄၉% ရှိပါတယ်။ ၅၁-၄၉ လို့ ကျနော် တွက်ချက်ရတာက ပွဲတွေ သိပ်များလာချိန်မှာ မန်စီးတီးက ၂ သင်းစာ ရှိနေလို့ပါပဲ ’ လို့ ဆက်ပြောသွားတာ ဖြစ်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ကို အာဆင်နယ်၊ လီဗာပူး၊ မန်စီးတီးတို့ အပြိုင်ဖြစ်နေကြပြီး အက်စတွန်ဗီလာကလည်း ရလဒ်ကောင်းတွေ ဆက်တိုက် ယူနေကာ ဇယားထိပ်နဲ့ ၁ မှတ် အကွာမှာ ရှိနေတာပဲ ဖြစ်ပါတယ်။