မန်စီးတီးမှာ သူ့အလုပ် ပြီးဆုံးသွားပြီ ဆိုတဲ့ စကားမျိုး ပြောချင်တာလား ဂွာဒီယိုလာ

မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ ကလပ်ကို ကိုင်တွယ်တဲ့ ၈ နှစ်အတွင်း ဥရောပကလပ် တစ်သင်း ရနိုင်တဲ့ ဆုဖလား အားလုံးကို အနိုင်ယူပေးခဲ့ပြီလို့ ကြွေးကြော်သွားပါတယ်။

စီးတီးနဲ့ ၂၀၂၅ ခုနှစ်ထိပဲ စာချုပ်ရှိတော့တဲ့ ဂွာဒီယိုလာကတော့ သူ့အလုပ်တွေ ပြီးသွားပြီလို့ ခံစားရကြောင်း ပြောဆိုခဲ့တာက အတော်လေး စဉ်းစားရစရာ စကားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နည်းပြကတော့ ပရီးမီးယားလိဂ်ကို ပြန်ပြီး အာရုံစိုက်မယ် ပြောဆိုခဲ့ပါသေးတယ်။

ဂွာဒီယိုလာက “ ဒီလိုအောင်မြင်မှုတွေ ရဖို့ ကျွန်တော်တို့က ၈နှစ်ကြာအောင် ကြိုးစားခဲ့ရပါတယ်။ ကျွန်တော်တို့က ရနိုင်သမျှ ဆုဖလားတွေ အားလုံး ရယူနိုင်ခဲ့ပြီ ဖြစ်တာကြောင့် အလုပ်ပြီးသွားပြီလို့တောင် ခံစားနေရပါတယ်။

ဒီ၈နှစ်တာ အတွင်းမှာ ကျွန်တော်တို့က ပရီးမီးယားလိဂ်ဖလားတွေ ရတယ်။ ကာရာဘောင်းဖလားတွေ ရတယ်။ အခြား ဖလားတွေ အများကြီး ရတယ်။ တကယ်ကို မယုံနိုင်စရာ အောင်မြင်မှုကြီးပါ။

ဒီနေ့ ကျွန်တော်တို့က လေယာဉ်ပျံပေါ်မှာ အောင်ပွဲခံမယ်။ မနက်ဖြန်မှာ အနားယူမယ်။ ပြီးရင် လာမယ့်ပွဲတွေ အတွက် ပြင်ဆင်ပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဂွာဒီယိုလာက ၂၀၁၆ခုနှစ် ကနေ စပြီး မန်ချက်စတာ စီးတီးကို တာဝန်ယူ ကိုင်တွယ်ခဲ့တာ ဖြစ်ပြီး သူဟာ ၈နှစ်တာ အတွင်းမှာ မန်ချက်စတာ စီးတီး အတွက်

ကမ္ဘာ့ကလပ်ဖလား ၁လုံး ၊ ချန်ပီယံလိဂ်ဖလား ၁လုံး ၊ ဥရောပ စူပါဖလား ၁လုံး ၊ ပရီးမီးယားလိဂ်ဖလား ၅လုံး ၊ ကာရာဘောင်းဖလား ၄လုံး ၊ အက်ဖ်အေဖလား ၂လုံး ၊ ကွန်မြူနတီဒိုင်း ၂လုံး စုစုပေါင်း ဆုဖလား ၁၆လုံး အထိ ရယူပေးခဲ့ပါတယ်။