ဘိုင်ယန်ကြယ်ပွင့် ဖော်ထုတ်လာတဲ့ ဒီရာသီ ချန်ပီယံလိဂ်ဖလား အောင်မြင်ဖို့ ရေပန်းစား အသင်း ၃ သင်း

တိုက်စစ်သမား မူစီယာလာကတော့ ဒီရာသီ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲကို သူကြီးပြင်းခဲ့ရာ လန်ဒန်မြို့မှာ ယှဉ်ပြိုင်ရမှာ သိနားလည်ထားတာကြောင့် ဘိုင်ယန်နဲ့အတူ ဖိုင်နယ်တက်လိုစိတ် ပြင်းပြနေပါတယ်။

ချန်ပီယံလိဂ်အောင်မြင်မှုရဖို့ အိပ်မက်ရှိနေတဲ့ သူကတော့ ဒီရာသီ ဘိုင်ယန်ကို အဟန့်အတားဖြစ်စေမယ့် ချန်ပီယံဖလား အနိုင်ရဖို့ ရေပန်းစား အသင်း ၃ သင်း ကိုလည်း ရွေးချယ်ခဲ့ပါတယ်။

“ ချန်ပီယံလိဂ်က အသင်းတစ်သင်းအတွက် အရေးကြီးတဲ့ဖလားတစ်ခုပါ။ ဒီဆုဖလားကိုရရှိဖို့ ကျွန်တော်အိပ်မက်ရှိပါတယ်။ ဒီရာသီဖိုင်နယ်က လန်ဒန်မြို့ ဝင်ဘာလေကွင်းမှာ ကန်ရမှာပါ။ ကျွန်တော် လန်ဒန်မှာကြီးပြင်းခဲ့တာကြောင့် အရမ်းကောင်းတဲ့ကွင်းဖြစ်တယ်လို့ ထင်ပါတယ်။

ဝင်ဘာလေက တကယ့်မှော်ဆန်တဲ့ ကွင်းတစ်ကွင်းပါ။ ဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ ကျွန်တော်တို့ အသင်းတစ်သင်း အနေနဲ့ အရာအားလုံး ပေးဆပ်ကစားသွားဖို့ လိုအပ်ပါတယ်။ ချန်ပီယံဖလားပိုင်ရှင်က ရီးရဲလ် ၊ မန်စီးတီးတို့က ရေပန်းအစားဆုံးလို့ ကျွန်တော်ထင်ပါတယ်။

ဒါပေမယ့် ဒီရာသီ အာဆင်နယ်က အာတီတာ လက်အောက်မှာ ကစားပြနေတာကလည်း အရမ်းကောင်းပါတယ်။ သူတို့ကိုလည်း ချန်ပီယံဆုစာရင်းထဲ ထည့်ရမှာပါ ” လို့ မူစီယာလာက ပြောကြားခဲ့ပါတယ်။

ရီးရဲလ်အသင်းက ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ လိုက်ပ်ဇစ်နဲ့တွေ့ဆုံနေပြီး အာဆင်နယ်က ပေါ်တို ၊ မန်စီးတီးက ကိုဗင်ဟေဂင် ၊ ဘိုင်ယန်က လာဇီယိုတို့နဲ့တွေ့ဆုံနေပါတယ်။