ပရီးမီးယားလိဂ်မှာ လီဗာပူးကလပ်နဲ့ ယှဉ်ပြိုင်ဖို့ ပြင်းထန်စွာ ဆာလောင်နေကြတဲ့ စီးတီး ကစားသမားများ
မန်စီးတီးကစားသမားတွေဟာ ကလပ်ကမ္ဘာ့ဖလားချန်ပီယံတွေအဖြစ် အင်္ဂလန်ကို ပြန်လာချိန် လေယာဉ်ပေါ်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အပေါ် အားတက်သရော ရှိနေခဲ့ကြကြောင်း ဂွာဒီယိုလာက ထုတ်ဖော်ခဲ့ပါတယ်။
ကလပ်ကမ္ဘာ့ဖလား မသွားခင် ရလဒ်ဆိုးတွေ ဆက်တိုက် ရင်ဆို်င်ခဲ့ရတဲ့ မန်စီးတီးဟာ အဆင့် ၅ နေရာထိ ကျဆင်းခဲ့သေးတာပါ။ ဒီအခြေအနေကို ပြန်ပြီး နှိုးထဖို့ လီဗာပူး အခြေစိုက်ကလပ်ဖြစ်တဲ့ အဲဗာတန်အသင်းပွဲမှာ မှန်မှန်ကန်ကန်တွေ ပြန်လုပ်ကြမယ်လို့ အသင်းသားတွေ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ဒီအကြောင်းကို ဂွာဒီယိုလာက “ကျွန်တော်တို့ ဆော်ဒီက အပြန် လေယာဥ်ပေါ်က ကိစ္စကို ကျွန်တော် မှတ်မိပါသေးတယ်။ ကျွန်တော့်ခုံကနေ ကစားသမားတွေ ဘာပြောလဲဆိုတာကို ကျွန်တော် နားထောင်နေတာပါ။ သူတို့ကတော့ ကျွန်တော် နားထောင်နေမှန်း မသိပါဘူး။
အဲ့ဒီအချိန်မှာပဲ သူတို့က အဲဗာတန်အကြောင်းကို စပြောပါတော့တယ်။ ကျွန်တော်ကတော့ ဝိုး ငါ့အသင်းကတော့ နှစ်တွေအရမ်းကြာမှ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဖြစ်တာကို ဒါတွေ ပြောနေသေးတာပဲလို့ ဖြစ်သွားတာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။
စီးတီးဟာ အဲဗာတန်ကွင်းမှာ ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် အဆင့် ၄ နေရာ ပြန်တက်လာခဲ့ပါတယ်။ အခုဆိုရင် ဇယားထိပ်က လီဗာပူးနဲ့ ၁ ပွဲလျော့ ၅ မှတ်အကွာဖြစ်ပြီး ကလော့ပ်နဲ့ ဂွာဒီယိုလာကြား အားပြိုင်မှုတွေကို ဒုတိယ ရာသီဝက်မှာ မြင်တွေ့ရဖို့ ရှိလာနေပြီ ဖြစ်ပါတယ်။
