၂၀၂၃ ခုနှစ်ကို အမြင့်ဆုံး မှတ်တမ်းတစ်ခုဖြင့် ပိတ်သိမ်းလိုက်တဲ့ စီးတီး တိုက်စစ်မှူး ဟာလန်း

မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းဟာ ၂၀၂၃ ခုနှစ်အတွင်း ဥရောပ ထိပ်တန်းလိဂ် (၅) ခုအတွင်း ပြိုင်ပွဲစုံ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဟာလန်းသည် ပြီးခဲ့သည့်ရာသီ မန်စီးတီးအသင်း ဖလားသုံးလုံး အောင်ပွဲရရှိရာမှာ အဓိကအကျဆုံး ကစားသမားအဖြစ် ခြေစွမ်းပြခဲ့ပြီး ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဆုနှင့် ချန်ပီယံလိဂ် ဂိုးသွင်းဘုရင်ဆုတို့ ရရှိခဲ့ပါတယ်။

ဟာလန်းသည် ၂၀၂၃ ခုနှစ်အတွင်းမှာ မန်စီးတီးအသင်းအတွက် စုစုပေါင်း (၄၄)ဂိုး ထိ သွင်းယူခဲ့ပါတယ်။ ဒါဟာ ပြိုင်ဘက် တိုက်စစ်မှူးတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်မှ ဟာရီကိန်း၊ PSG မှ ဘာပေတို့ကို ကျော်ဖြတ်ကာ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

ဟာလန်းသည် ၂၀၂၃ ခုနှစ်အတွင်း ကလပ်အသင်းနှင့် လက်ရွေးစင်အသင်း နှစ်မျိုးပေါင်းမှာ သွင်းဂိုး (၅၀)သွင်းယူနိုင်ခဲ့ပြီး ကမ္ဘာ့ဘောလုံးလောကရဲ့ ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း ဂိုးအများဆုံး သွင်းယူနိုင်သူ စာရင်းမှာတော့ စတုတ္ထနေရာသာ ရပ်တည်နိုင်ခဲ့သည်။

အဆိုပါစာရင်းတွင် အယ်လ်နာဆာအသင်းမှ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုက (၅၄) ဂိုးဖြင့် ဦးဆောင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းမှ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းနှင့် PSG အသင်းမှ ပြင်သစ်တိုက်စစ်မှူး ဘာပေတို့က (၅၂)ဂိုး စီသွင်းယူကာ ဟာလန်းရဲ့ အထက်တွင် ရပ်တည်ခဲ့ကြပါတယ်။

ဟာလန်းဟာ ဒီဇင်ဘာလအစောပိုင်းတည်းက ခြေချောင်းဒဏ်ရာကြောင့် အနားယူနေခဲ့ရခြင်းဖြစ်ပြီး မန်စီးတီးအသင်း ကစားထားတဲ့ ပြိုင်ပွဲစုံ နောက်ဆုံး (၇)ပွဲကို လွဲချော်နေခဲ့သူ ဖြစ်ပါတယ်။