ဟက်ဒါဖီးနဲ့ FA Cup ပွဲစဉ်ကို ရိုဒရီ အပါအဝင် စီးတီး အဓိက ကစားသမား ၄ ဦး လွဲချော်မည်

တနင်္ဂနွေနေ့ အီတီဟတ်မှာ ယှဉ်ပြိုင်ကစားမယ့် မန်စီးတီးနဲ့ ဟက်ဒါဖီးလ်တောင်းတို့ရဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ စီးတီးကြယ်ပွင့်အချို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

စပိန်ကွင်းလယ်ကစားသမားရိုဒရီဟာ အဖွားဖြစ်သူ ကွယ်လွန်သွားခြင်းကြောင့် တနင်္ဂနွေနေ့ပွဲစဉ်ကို လွဲချော်နိုင်ဖွယ် ရှိနေတာလည်း ဖြစ်ပါတယ်။

ဂွာဒီယိုလာက “ဒီကနေ့နဲ့ မနက်ဖြန် ရိုဒရီ ဒီမှာ မရှိပါဘူး။ ပွဲအတွက် ပြန်လာဖို့တော့ မျှော်လင့်တယ်။ ဒါပေမဲ့ မိသားစုကိစ္စက အရေးအကြီးဆုံးဆိုတော့ သူ့ဘက်က နေဖို့ လိုအပ်ချင်ရင် လိုအပ်လာနိုင်ပါတယ် ” လို့ ပြောကြားသွားပါတယ်။

ဟာလန်းမှာလည်း ခြေထောက်ဒဏ်ရာကြောင့် ဒီဇင်ဘာလ ၆ ရက်နေ့ကတည်းက မန်စီးတီးအတွက် ကစားနိုင်ခြင်း မရှိသေးတာဖြစ်ပါတယ်။ စီးတီးကတော့ တိုက်စစ်မှူးကို ဆက်လက် အနားပေးဖို့ ဆုံးဖြတ်ထားပါတယ်။

ကွင်းလယ်လူ ဒီဘရိုင်းနှင့် တောင်ပံကစားသမားဂျီရီမီဒိုကူတို့မှာ ဒဏ်ရာမှ ပြန်လည်ကောင်းမွန်ကာ လေ့ကျင့်ခန်း ပြန်လည်ဆင်းနိုင်ပြီဖြစ်ပေမယ့် သူတို့ကိုလည်း အနားပေးဦးမှာ ဖြစ်ကာ အက်ဖ်အေပွဲမှာ ပါဝင်လာဖို့ မရှိသေးပါဘူး။

၎င်းတို့ရဲ့ အခြေအနေတွေ တိုးတက်နေပါက ဇန်နဝါရီလ ၁၃ ရက်နေ့ နယူးကာဆယ်နှင့်ပွဲတွင်မှ မန်စီးတီးအတွက် ပါဝင်ကစားလာနိုင်ဖို့ ရှိနေပါတယ်။