စပါးကွင်းက မှတ်တမ်းဆိုးကို အကီရဲ့ သွင်းဂိုးနဲ့ မန်စီးတီးတို့ ရိုက်ချိုးနိုင်ခဲ့ပြီး FA နောက်တစ်ဆင့် တက်ပြီ

ပက် ဂွာဒီယိုလာရဲ့ မန်စီးတီအသင်းးဟာ မနေ့ညက စပါးကို Tottenham Hotspur ကွင်းမှာ ပထမဆုံးသွင်းဂိုးဖြင့် ပထမဆုံး နိုင်ပွဲ ရယူကာ အက်ဖ်အေဖလားပဉ္စမအဆင့်သို့ တက်ရောက်လာ ခဲ့ပါတယ်။

မန်စီးတီးဟာ ယခင်တုန်းက Tottenham Hotspur ကွင်းသို့ ငါးကြိမ် တိုင်တိုင် သွားရောက် ကစားခဲ့ရာမှာ ငါးကြိမ်လုံး ရှုံးနိမ့်ခဲ့ပြီး ဂိုး တစ်ဂိုးမျှပင် သွင်းဖူးခဲ့ခြင်း မရှိပါဘူး။

မနေ့ညက ပွဲမှာ မန်စီးတီးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲပြီးဖို့ ၂ မိနစ်အလိုမှာ ကီဗင်ဒီဘရိုင်းရဲ့ ထောင့်ကန်ဘော ကနေ နသန် အကီ က အနီးကပ်ပိတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ယခုပွဲမှာ စပါးဟာ မန်စီးတီးခံစစ်ကြောင်းကို ထိရောက်တဲ့ ဖိအားပေးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ မန်စီးတီးဟာ ပွဲအစောပိုင်းမှာ အော်စကာဘော့ဘ်ရဲ့ ဂိုး ငြင်းပယ်ခံရလို့ နစ်နာခဲ့ရသလို ဘာနာဒိုဆေးလ်ဗားရဲ့ကန်ချက်ကို စပါး ဂိုးသမားဗီကာရီယို ကာကွယ်သွားခဲ့လို့ နစ်နာခဲ့ရပါတယ်။ ဒါ့အပြင် ဒီဘရိုင်းလည်း အပိုင်အခွင့်အရေး ဖြုန်းတီးပစ်ခဲ့ပါသေးတယ်။

မန်စီးတီးဟာ မနေ့ညတုန်းက Tottenham Hotspur ကွင်းသို့ လာရောက်ရာမှာ လန်ဒန်မှာ သောကြာည ကားလမ်းပိတ်ဆို့နေမှုကြောင့် ပွဲကစားခါနီး မိနစ် ၇၀ ဝန်းကျင်မှာမှ ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။

စပါး အသင်းဟာ အက်ဖ်အေဖလားပြိုင်ပွဲကလည်း ထွက်ခွာလိုက်ရပြီဖြစ်လို့ ပရီးမီးယားလိဂ်အပေါ်မှာသာ အပြည့်အဝ အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။ မန်စီးတီးကတော့ ပြည်တွင်း ရှုံးထွက်ဖလား တစ်လုံး ရယူနိုင်မယ့် လမ်းကြောင်းပေါ် ဆက်ရှိနေပါတယ်။