ပွဲထွက်က မပါရလည်း ကွင်းထဲ ဝင်ရတာနဲ့ စီးတီး နိုင်ပွဲရအောင် လုပ်ဖို့ အသင့်ပဲ ဆိုတဲ့ ဒိုကူရဲ့ ရိုးရှင်းတဲ့ သဘောထား

မန်စီးတီး ကွင်းလယ် ကစားသမား ဒိုကူဟာ ပြီးခဲ့တဲ့ ကိုပင်ဟေဂင်နဲ့ ပွဲမှာ ဂရေးလစ်ချ် နာသွားမှာ လူစားဝင် ကစားခဲ့ရတာ ဖြစ်ပါတယ်။

ဘောလုံး လှည့်ခေါက်ပြေးရတာ သဘောကျလှတဲ့ ဒိုကူ က အသင်း နိုင်ပွဲ ရဖို့ ဘယ်အချိန်မှာ မဆို ဝင်ကစား၊ ကူညီပေးဖို့ အသင့် ပြင်ထားကြောင်း သူ့သဘောထား ခုလို ထုတ်ဖော် ပြောဆိုလာပါတယ်။

“ကျွန်တော့်ခံစားချက်က ကောင်းပါတယ်။ ကွင်းထဲမှ ာရှိရတဲ့အချိန်တိုင်းမှာ အသင်းကိုကူညီနိုင်ဖို့ ကျွန်တော် တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားနေပါတယ်။

ကိုပင်ဟေဂင်နဲ့ ပွဲမှာ ကျွန်တော် ပွဲထွက်ခွင့်ရခဲ့တာတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ အသင်းအတွက်ကွင်းထဲဝင်လာတာနဲ့ တစ်ခုခု အကျိုးထူးအောင် လုပ်ပေးရတော့မယ်ဆိုတာ ကစားသမားတိုင်း သိရမှာပါ။ ကျွန်တော်လည်း ဒီအတွက်ပဲကြိုးစားနေပါတယ်။

ကျွန်တော်က မက်ဆီ၊ ရော်နယ်ဒင်ညိုနဲ့ တခြားသော Dribbler အတော်များများကို သဘောကျတယ်။ ငယ်ငယ်ကဆိုရင် YouTube Video တွေမှာ အကြိမ်အတော်များများ စောင့်ကြည့် လေ့လာခဲ့ပါတယ်။ ပြီးရင်တော့ ကိုယ်ပိုင်ဟန်တွေကိုပါပေါင်းစပ် တီထွင်ပြီး လမ်းမတွေပေါ်မှာကစားကြည့်ပါတယ်။ ဘောလုံးဆွဲပြေးရတာက ကျွန်တော့်ကိုပျော်ရွှင်စေပါတယ်။

ကျွန်တော်က ဘောလုံးကိုဆွဲပြေးပြီးရင်း ဆွဲပြေးဖို့ပဲကြိုးစားနေတာမဟုတ်ပါဘူး။ ဒီလိုလုပ်ပြီဆိုရင် ကျွန်တော့်စိတ်ထဲမှာ ဒါဟာလုပ်သင့်တဲ့အချိန်ကောင်းပဲလို့ ခံစားရလို့ဖြစ်ပါတယ်။ တခါတလေမှာတော့ ဒီထက်ပိုလုပ်နိုင်ဖို့လိုတဲ့အခါ လိုတာပေါ့။

ဒါပေမဲ့ ကျွန်တော်က ကိုယ်ရှေ့ကခံစစ်ကိုကျော်ဖြတ်ပြီးတာနဲ့ အကောင်းဆုံးရလဒ်တစ်ခု၊ ပေးပို့မှုတစ်ခုကိုအသင်းဆီပေးနိုင်ဖို့ပဲ ကြိုးစားခဲ့ပါတယ်။ ဒီလိုလုပ်ရတာက ကျွန်တော့်ကိုပျော်ရွှင်စေပါတယ်” လို့ သူ့ ဒိုကူက သူ့ခံယူချက်ကို ရိုးရိုး ရှင်းရှင်း ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။