စစ်မှုထမ်းဥပဒေကြောင့် တရားဝင်ကော၊ တရားမဝင် လမ်းကြောင်းတွေကနေပါ ပြည်ပသို့ ထွက်ခွာရန် လူငယ်တွေ ကြိုးစားလာ

အရွယ်ရောက်ပြီးသူတိုင်း စစ်မှု မထမ်းမနေရ ဥပဒေကို အတည်ပြုခဲ့ပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံက လူငယ်အများအပြားဟာ ပြည်ပကို ထွက်ခွာဖို့ စုံစမ်းကြိုးပမ်းမှုတွေ လုပ်ဆောင်လာနေကြပါတယ်။

စစ်ထဲမဝင်မနေရ ဥပဒေကြောင့် လူငယ်များသည် ရရာနည်းဖြင့် နိုင်ငံရပ်ခြားသို့ထွက်ခွာရန် ပြင်ဆင်နေကြပါတယ်။ အထူးသဖြင့် အိမ်းနီးချင်း ထိုင်းနိုင်ငံသို့ သွားရန် စီစဉ်နေကြပြီး ဗီဇာရရန်လွယ်ကူသည့် နိုင်ငံများဆီသို့လည်း ဦးတည်နေကြပါတယ်။

ထိုင်းနိုင်ငံသံရုံးတွင် ဗီဇာလျှောက်ထားခြင်းများနှင့် ပတ်သက်လို့ တစ်ရက်လျှင် လူဦးရေ ၄၀၀ သာ လက်ခံတော့မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၄ ရက်တွင် ထုတ်ပြန်ထားပါတယ်။

“ များသောအားဖြင့် မိဘတွေက ကလေးတွေကို ဒီမှာ မထားချင်ကြတော့ဘူးလေ။ ရရင်ရသလို ပြည်ပကို လွှတ်ဖို့ပဲ စဉ်းစားကြတာပေါ့။” ဟု ရန်ကုန်မြို့မှ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

တိုင်းပြည်တွင်း နေရာအနှံ့မှာ တိုက်ပွဲ ကြီးငယ် ဖြစ်ပေါ်နေစဉ် စစ်မှုမထမ်းမနေရဥပဒေရ လူငယ်များ စစ်တပ်ထဲ ဝင်ရမည်ဆိုသောကြောင့် တစ်နိုင်ငံလုံး ထိတ်ထိတ်ပျာပျာ ဖြစ်ပွားနေရခြင်း ဖြစ်ပါတယ်။

တရားဝင် လမ်းကြောင်းကရော တရားမဝင် လမ်းကြောင်းတွေကနေပါ ထွက်ခွာဖို့ ကြိုးစားမှုတွေ များပြားလာတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံကို သွားရောက်ဖို့ ဗီဇာလျှောက်ထားမှုတွေလည်း အများအပြား ရှိနေပါတယ်။