ချန်ပီယံလိဂ်ရော ပရီးမီးယားလိဂ် ပါ မန်စီးတီးပဲ ရဖို့ များတယ်လို့ သုံးသပ်စကား ဆိုသွားတဲ့ မော်ရင်ညို

နာမည်ကြီး နည်းပြဟောင်းကြီး စပယ်ရှယ် ဝမ်း မော်ရင်ညို ကတော့ ချန်ပီယံလိဂ်မှာ မန်စီးတီး ဗိုလ်စွဲနိုင်ကြောင်း သုံးသပ်စကား ဆိုလာပါတယ်။

ပရီးမီးယားလိဂ်မှာ ချယ်ဆီး၊ မန်ယူတို့ကို နည်းပြဖူးသလို နာမည်ကြီးကလပ်တွေ ကိုင်တွယ်ဖူးတဲ့ ဝါရင့် နည်းပြ မော်ရင်ညို က လက်ရှိမှာ ရိုးမားနဲ့ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ ဖြစ်နေပါတယ်။

မော်ရင်ညို က လတ်တလော အင်တာဗျူးမှာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ် တို့ အလားအလာနဲ့ ပတ်သတ်ပြီး သူ့အမြင် ခုလို ပြောဆိုခဲ့ပါတယ်။

“ချန်ပီယံလိဂ်မှာတော့ မန်စီးတီး မဟုတ်ရင် ရီးရဲလ်မက်ဒရစ်ပဲ ဗိုလ်စွဲမှာပါ။ သူတို့နှစ်သင်း မဟုတ်ဘဲ အခြားအသင်းတစ်သင်း ဗိုလ်စွဲခဲ့ရင် ဒါက ကြီးမားတဲ့ အံ့အားသင့်စရာဖြစ်လာပါလိမ့်မယ်။

ရီးရဲလ်မက်ဒရစ်က သူတို့အတွက်၊ အန်ဆယ်လော့တီအတွက် ချန်ပီယံလိဂ်ဖလားကို တစ်ကျော့ပြန်ဆွတ်ခူးသွားမယ်ဆိုရင်လည်း ကျွန်တော် သဘောကျပါတယ်”

“သိတော့ မသိသေးပါဘူး။ ဘိုင်ယန်မြူးနစ်ရော၊ ပီအက်စ်ဂျီရော ဒါမျိုး လုပ်နိုင်ပါတယ်။ ရေရှည်ကို ကြည့်ရရင် ချန်ပီယံလိဂ်မှာ မန်စီးတီး မဟုတ်ရင် ရီးရဲလ်မက်ဒရစ်၊ ပရီးမီးယားလိဂ်မှာ မန်စီးတီး မဟုတ်ရင် လီဗာပူးပါပဲ” လို့ မော်ရင်ညိုက ပြောဆိုခဲ့ပါတယ်။

မန်စီးတီး ဟာ ပရီးမီးယားလိဂ်မှာလည်း ဒုတိယ နေရာမှာ ရှိနေသည့်တိုင် ပွဲကျန် ရှိနေတာကြောင့် အနိုင်ကန်နိုင်တာနဲ့ ဇယားထိပ် တက်မယ့် အခြေအနေကောင်း ရှိနေပါတယ်။

ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်ကို တက်ဖို့ အတော် အခြေအနေ ကောင်းနေပြီး ဖြစ်ပါတယ်။