မန်စီးတီးကို ကြည့်ရတာ ပျင်းဖို့ ကောင်းနေပြီ လို့ ပြောတဲ့ သရဲနီဟောင်းတွေအား ပက် ဂွာဒီယိုလာ တုန့်ပြန်ပြီ
ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ် ပထမအ ကျော့မှာ မန်စီးတီးက ကိုပင်ဟေဂင်ကို အဝေးကွင်းမှာ ၃-၁ ဂိုးနဲ့ အနိုင်ရပြီးတဲ့နောက် စီးတီးရဲ့ပွဲတွေကို ကြည့်ရတာ တဖြည်းဖြည်းနဲ့ ပျင်းစရာ ကောင်းနေပြီလို့ မန်ယူနောက်ခံ လူဟောင်းဖြစ်တဲ့ ဂယ်ရီနဗီးလ်က မှတ်ချက်ပြုခဲ့ပါတယ်။
သရဲနီဟောင်း ဂယ်ရီနဗီးလ်ရဲ့ ရိသဲ့သဲ့ မှတ်ချက်အား စီးတီး နည်းပြဂွါဒီယိုလာက ပညာသား ပါပါ တုံ့ပြန်လာပြီ ဖြစ်ပါတယ်။
မန်စီးတီးဟာ နည်းပြ ဂွါဒီယိုလာ လက်ထက် နောက်ဆုံး ၆ နှစ်မှာ ပရီးမီးယားလိဂ်ဖလားကို ၅ ကြိမ် အထိ ယူနိုင်ခဲ့တဲ့ အသင်းဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ သမိုင်းဝင် ဖလား ၃ လုံးရခဲ့ပါတယ်။
ဒါ့အပြင် ဘယ်လိုပြိုင်ပွဲမျိုးပဲဖြစ်ဖြစ် မန်ချက်စတာကလပ်ဟာ ပြိုင်ဘက်အပေါ် ဖိကစားပြီး ပွဲကို လွှမ်းမိုးရင်းနဲ့ အနိုင်ယူသွားတာမျိုးရှိပါတယ်။
ဒါကြောင့် စီးတီးကစားတာ ရင်မခုန်ရ ဘူးလို့ ဂယ်ရီနဗီးလ်က အခု သီတင်းပတ်ထဲမှာ မှတ်ချက်ပေးခဲ့တာပါ။ ဒီစကားရပ်အပေါ် တုံ့ပြန်တဲ့အနေနဲ့ ပက် ဂွာဒီယိုလာက အခုလို ပြောဆိုခဲ့ပါတယ်။

” အဲဒါက ကျွန်တော်တို့အပေါ်ပဲ မူတည်ပါတယ်။ ဘယ်လို ကျေနပ်တယ် ဆိုတာပေါ့။ ဒါက ကျွန်တော်တို့ပဲ ဆိုင်တာလေ။ လူတွေက အသိအမှတ်မပြုဘူးဆိုရင် လည်း အရေးမကြီးပါဘူး။ ဒါက ပြဿနာ အကြီးကြီးမှ မဟုတ်တာ။ ကျွန်တော်တို့က အခု ဒီနေရာကို ရောက်နေပြီ။ အရေးကြီးတာက ကိုယ့်ဘာသာကိုယ် သိနေဖို့ပဲ။
ပြင်ပက ချီးမွမ်း မှုတွေနဲ့ ကဲ့ရဲ့မှုတွေကြောင့် မဖြစ်စေရဘူး။ ကျွန်တော် ဘာပြောနိုင်လဲဆိုတော့ ကောင်းပါတယ်။ နဗီးလ်ရဲ့ ချီးမွမ်းမှုအတွက်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဘောလုံးမှာ က အရာအားလုံး ခက်ခဲပါတယ်။
ကျွန်တော် သေချာပြောရဲပါတယ်။ (၆)နှစ်၊ (၇)နှစ် အတွင်း ပြိုင်ပွဲစုံမှာ သီတင်းပတ်တိုင်းကို ကစားဖို့ဆိုတာက မလွယ်ကူဘူးဆိုတာကို သိတဲ့ ဘောလုံးရပ်ဝန်းထဲက လူတွေရဲ့ သဘောကျမှုကို ကျွန်တော်တို့ ခံနေရတာပါ။ ” လို့ ဂွါဒီယိုလာက ပြောခဲ့ပါတယ်။
မန်စီးတီးရဲ့ ကစားပုံကို ကြည့်ရတာ ပျင်းနေပြီလို့ ပြောတဲ့ အထဲမှာ မန်ယူဂန္ထဝင်ဟောင်းဖြစ်တဲ့ ရွိုင်ကိန်းလည်း အပါအဝင်ဖြစ်ပြီး စီးတီးရဲ့ ကစားပုံ ကို ကြည့်ရတာ တစ်သမတ်တည်း ဖြစ်နေသလို ပြိုင်ဘက်တိုင်းကိုလည်း အသာစီးရနေ တာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားဖို့ မကောင်းတော့ဘူးလို့ ပြောဆိုခဲ့ပါသေးတယ်။
