အိမ်ကွင်း အီတီဟက်မှာ စီးတီးတို့ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ အိပ်မက် နှောင့်ယှက်ခံလိုက်ရတဲ့ ချဲလ်ဆီးနဲ့ သရေပွဲ အကြောင်း
ယနေ့မနက် အစောပိုင်းက ကစားခဲ့ကြတဲ့ မန်ချက်စတာစီးတီး အသင်းနဲ့ ချဲလ်ဆီးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ တစ်ဖက်တစ်ဂိုး သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။
အမှတ်ပေးဇယား ထိပ်ဆုံးမှ လီဗာပူးလ်ထက် လက်ကျန်ပွဲတစ်ပွဲ ကစားရဦးမယ့် မန်စီးတီးဟာ ယခုပွဲမတိုင်ခင် ပထမနေရာ ပြန်လည် တက်လှမ်းခွင့်က ၎င်းတို့ လက်ထဲ ရှိနေခဲ့ပေမယ့် ယခုလို ရမှတ် ၂ မှတ် ဆုံးရှုံးခဲ့တာကြောင့် ထိပ်ဆုံးမှ လီဗာပူးလ်ရဲ့ အမှားကိုသာ စောင့်ဆိုင်းသွားရတော့မှာ ဖြစ်ပါတယ်။
ချဲလ်ဆီးကတော့ မန်စီးတီးအသင်းကို တစ်ပွဲလုံး ဘောလုံးကိုင် ကစားခွင့် ပြုခဲ့ရပြီး ရရှိလာတဲ့ အခွင့်အရေး အနည်းအကျဉ်းထဲကမှ အခွင့်အရေးအချို့ကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ခဲ့ပြီး လိုအပ်နေတဲ့ ရလဒ်တစ်ခုကို ရယူနိုင်ခဲ့ပါတယ်။
ဟာလန်း၊ ဒီဘရိုင်း၊ အဲဗားရက်ဇ်၊ ဖိုဒန်၊ ဒိုကု စတဲ့ တိုက်စစ် ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့တဲ့ မန်စီးတီးအသင်းက ချဲလ်ဆီးထက် ပိုမို ကောင်းမွန်ခဲ့သလို ဂိုးပေါက်ကန်သွင်းမှု အကြိမ် ၃၀ ကျော်အထိ ပြုလုပ်နိုင်ခဲ့ပေမယ့် ထိထိရောက်ရောက် အသုံးမချနိုင်ခဲ့တာကြောင့် ယခုလို သွင်းဂိုးတစ်ဂိုးသာ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အထူးသဖြင့် တိုက်စစ်မှုး ဟာလန်းဟာ ဂိုးပေါက် ကန်ချက်တွေပါ လွဲနေခဲ့ပြီး ထူးထူးခြားခြားကို အစွမ်းတွေ ကျဆင်းနေခဲ့ပါတယ်။
ချဲလ်ဆီးရဲ့ တန်ပြန်တိုက်စစ်တွေက ယနေ့ပွဲမှာ အလုပ်ဖြစ်ခဲ့ပြီး စတားလင်းရဲ့ လျှင်မြန်တဲ့ ကစားဟန်တွေအပြင် ကွင်းလယ်ပိုင်းက ဖာနန်ဒက်ဇ်နဲ့ ကိုင်စီဒို တို့ အတွဲအဖက်ကလည်း ယနေ့ပွဲမှာ မန်စီးတီး ကွင်းလယ်ကို ကောင်းကောင်း ခုခံ ကစားသွားနိုင်ခဲ့ပါတယ်။
ယနေ့ပွဲရဲ့ အဖွင့်ဂိုးကိုတော့ မန်စီးတီး တိုက်စစ်ဆင်နေတဲ့ကြားက ချဲလ်ဆီးတို့က ကောင်တာတိုက်စစ်ကနေ ပြန်လည် သွင်းယူသွားခဲ့တာ ဖြစ်ပြီး စတားလင်းက ၄၂ မိနစ်မှာ သွင်းယူပေးသွားခဲ့ပါတယ်။
ဒါပေမယ့် မန်စီးတီးအသင်းအတွက် ၈၃ မိနစ်အရောက်မှာ ရိုဒရီက ချေပဂိုးတစ်ဂိုး ပြန်သွင်းယူသွားခဲ့တာကြောင့် အီတီဟက်မှာ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။
ဒီပွဲ ရလဒ်ကြောင့် ချဲလ်ဆီးတို့ အဆင့် ၁၀ မှာသာ ဆက်ရှိနေပေမယ့် မန်စီးတီးက ယခုရလဒ်ကြောင့် အဆင့် ၃ နေရာကို ကျဆင်းသွားခဲ့ရပါတယ်။
