မူဆယ်မှာ ရာဇဝတ်မှုတွေ မြင့်တက်၊ ပိတ်မိနေတဲ့ ကုန်တင်ကားကြီးတွေကို ပြန်ပေးဆွဲမှုပါ ရှိလာ

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရာ မူဆယ်မှာတော့ ဒီရက်ပိုင်း အမည်မဖော်ပြနိုင်တဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ ဗိုလ်ကျမှုတွေကို အရပ်သားပြည်သူတွေ ပိုမို ရင်ဆိုင်လာရပါတယ်။

မူဆယ်မြို့တွင်းရှိ Hotel M2 တွင် ဖေဖော်ဝါရီလ ၁၂ ရက် မွန်းလွှဲပိုင်း အချိန်တွင် အရပ်သား(၂) ဦး သေနတ်ပစ်ခတ်ခံခဲ့ရပါတယ်။ ဟိုတယ်ကို လာရောက်တဲ့ ဧည့်သည်(၂) ဦး ထိခိုက်ဒဏ်ရာရရှိကာ နောက်ဆုံးအခြေအနေနှင့် မည်သည့်အဖွဲ့က ပစ်ခတ်ခဲ့သည်ကို မသိရှိရပါဘူး။

ဒါ့အပြင် မူဆယ် ကျင်စမ်းကျော့မှာ ပိတ်မိသောင်တင်နေတဲ့ ကုန်တင်ကားတွေလည်း ပြန်ပေးဆွဲခံနေရတယ်လို့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

လုပ်ငန်းရှင် တဦးက ပြောပြတာကတော့ “ကျ‌နော့်ကားလည်း တစီး ပြန်ပေးဆွဲခံထားရတယ်။ ပိုက်ဆံနဲ့ ရွေးခိုင်းနေတာ မရွေးရသေးဘူး။ ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက မူဆယ် အပါအဝင် နယ်စပ်တကြောက ကုန်သည်၊ လုပ်ငန်းရှင်တွေ မကြာခဏ ပြန်ပေးဆွဲခံရလို့ လုပ်ငန်းရှင်တွေ တရုတ်ဘက်ခြမ်း ပြောင်းရွှေ့နေထိုင်သွားကြတဲ့နောက် မူဆယ် ၁၀၅ မိုင်နဲ့ ကျင်စန်းကျော့ဘက်မှာ ပိတ်မိသောင်တင်နေတဲ့ ကားတွေကိုပါ ပြန်ပေးဆွဲလာတာလို့ ဆိုပါတယ်။

ကျင်စန်းကျော့ ဒေသခံ အမျိုးသားတဦးက “ကားမပြောနဲ့ ကားသော့ တချောင်းတောင် သိန်း ၅၀ လောက် တောင်းတယ်။ ဘယ်အဖွဲ့လဲဆိုတာ မသိရဘူး။ ” လို့ ပြောပါတယ်။

ကျင်စန်းကျော့နဲ့ ၁၀၅ မိုင်ဘက်တွေမှာ ပိတ်မိနေတဲ့ ကုန်တင်ကားတွေ၊ တွဲကားခေါင်းတွေလည်း ပျောက်ဆုံးမှုရှိလာ‌ပြီး ကုန်သည်၊ လုပ်ငန်းရှင်၊ ကားပိုင်ရှင်တွေအနေနဲ့ စစ်ကောင်စီအပြင် လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးကို အခွန်ဆောင်ထား‌ပေမဲ့ ဘယ်အဖွဲ့အစည်းကမှ အကူအညီ မရဘူးလို့ သိရပါတယ်။

မြောက်ပိုင်း မဟာမိတ် ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပြီးနောက် MNDAA ပူးပေါင်းမဟာမိတ်အဖွဲ့နဲ့ စစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲတွေကြောင့် ပြည်ထောင်စုလမ်းမကြီး ပိတ်လိုက်လို့ ကုန်တင်ကားတွေ သွားလာမရတော့ဘဲ ပိတ်မိနေတာပါ။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ၂၀၂၃ နိုဝင်ဘာ ၂၃ ရက်နေ့ကလည်း ဆဲဗင့်ဟွာကျင့် ကားကွင်းမှာ ကုန်တင်ကား ၁၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး သိန်းပေါင်း သိန်းချီ ဆုံးရှုံးခဲ့ပါသေးတယ်။