အာဆင်နယ်နဲ့ လီဗာပူးလ်လည်း ရာသီကုန်ထိ ပွဲတိုင်း မနိုင်ပါဘူးလို့ သတိပေးလိုက်တဲ့ ရိုဒရီ

အာဆင်နယ်၊ လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးတို့အားလုံးဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ရယူသွားဖို့ ရည်မှန်းထားကြတာ ဖြစ်ပြီး စနေနေ့မှာ ဒီ ၃ သင်းထဲမှာ မန်စီးတီးတစ်သင်းတည်းသာ အနိုင် ၃ မှတ်ပြည့် မရယူနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ ၄-၁ နဲ့ အပြတ်အသတ် အနိုင်ယူနိုင်ခဲ့သလို အာဆင်နယ်ကလည်း ဘန်လေကို တာ့ဖ်မိုးမှာ ၅-၀ နဲ့ ဂိုးပြတ် နိုင်ပွဲရယူနိုင်ခဲ့ပြီး အမှတ်ပေးဇယားအဆင့် ၂ နေရာကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးကတော့ စနေနေ့ညနေ အီတီဟတ်မှာ ပိုချက်တီနိုရဲ့ ချဲလ်ဆီးကို လက်ခံယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ နိုင်ပွဲရယူနိုင်ခဲ့ခြင်းမရှိဘဲ ရိုဒရီရဲ့ ဒုတိယပိုင်း ချေပဂိုးကြောင့်သာ သရေ ၁ မှတ် ရရှိခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၂၅ ပွဲကနေ ၅၇ မှတ်နဲ့ ဦးဆောင်နေပြီး အာဆင်နယ်ကလည်း ၂၅ ပွဲကနေ ၅၅ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းကတော့ ၂၄ ပွဲကနေ ၅၃ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

ချဲလ်ဆီးနဲ့ သရေကျခဲ့တဲ့ပွဲအပြီးမှာ စီးတီး ကွင်းလယ် ကစားသမား ရိုဒရီက လီဗာပူးလ်၊ အာဆင်နယ်တို့နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ မှတ်ချက်အချို့ ပေးခဲ့တာဖြစ်ပါတယ်။

စပိန်ကွင်းလယ်ကြယ်ပွင့်က မန်ချက်စတာစီးတီး၊ လီဗာပူးလ်နဲ့ အာဆင်နယ်တို့ အားလုံးဟာ အခုကနေ ရာသီကုန်တဲ့အထိ ပွဲတိုင်းကို အနိုင် ကစားနိုင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ရာသီကုန်တဲ့အထိ သွားရမယ့် ခရီးက အဝေးကြီးရှိပါသေးတယ်။ ကျွန်တော်တို့ ဘရန့်ဖို့ဒ်ကို အနိုင်ကစားရမယ်။ ကျွန်တော်တို့က အရမ်းကောင်းတဲ့ နိုင်ပွဲဆက်စံချိန်မှာ ရှိနေခဲ့ပြီး ကျွန်တော်တို့ ၃ သင်းစလုံး ရာသီကုန်တဲ့အထိ ပွဲတိုင်း အနိုင် မရနိုင်ဘူးဆိုတာ ကျွန်တော်တို့ အားလုံးသိနေကြပါတယ်။

ကျွန်တော်တို့ စိတ်ဓာတ်ကြံ့ခိုင်ရမှာဖြစ်ပြီး နောက်လာမယ့်ပွဲအတွက် ဆက်သွားရမှာပါ။ကျွန်တော်တို့မှာ ဒါက ရာသီနောက်ဆုံးပိုင်းရဲ့အစဆိုတာကို သိဖို့ လုံလောက်တဲ့အတွေ့အကြုံတွေရှိပါတယ်။

ကျွန်တော်တို့ အနိုင်ရချင်ပေမယ့် ကျွန်တော်တို့ဘာသာ ပြန်ကြည့်ရမယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ ခံစစ်ကစားခဲ့ပုံက အားနည်းခဲ့ပြီး လက်ကျန်ရာသီအချိန်တစ်ခုလုံးမှာ ဒီထက်ပိုပြီး အားကောင်းအောင် လုပ်ရမှာပါ။”လို့ ပြောကြားခဲ့ပါတယ်။