ဒလဘက်ကမ်းမှာ Toll Plaza တစ်ခု ဆောက်ပြီး ဒလတံတား ဖြတ်သန်းခ ကောက်ခံမည်

မြန်မာ- ကိုရီးယားချစ်ကြည်ရေးတံတား (ဒလ) တည်ဆောက်ပြီးစီးပါက မော်တော်ယာဉ်များထံမှ တံတားအသုံးပြုခကောက်ခံသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းအတွက် (Toll Plaza) တစ်ခုကို ဒလဘက်ကမ်း၌ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

” တံတားဖြတ်သန်းအသုံးပြုခကို ကောက်ခံသွားမှာဖြစ်ပါတယ်။ အဲဒီအတွက် (Toll Plaza ) ကိုဆောက်ဖို့လုပ်နေပြီ။ ပြီးတော့ ဝန်ပို မော်တော်ယာဉ်တွေကို ထိန်းသိမ်းကြီးကြပ်ဖို့အတွက် Weight Bridge တစ်ခုကိုလည်း ထည့်သွင်းလုပ်ဆောင်သွားမှာဖြစ်သလို တံတား ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်လည်း ထိန်သိမ်းရေး အဆောက်အအုံကို ထည့်သွင်း တည်ဆောက်သွားမှာဖြစ်ပါတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ဒလတံတားပေါ်တွင် ပင်မတံတားအပိုင်း နှင့် ချဉ်းကပ်တံတား အပိုင်း၌ တစ်နာရီကို ကီလိုမီတာ ၅၀ နှုန်းခွင့်ပြုမည်ဖြစ်ပြီး ဆင်ခြေလျော တံတားအပိုင်း၌ တစ်နာရီကို ကီလိုမီတာ ၃၀ နှုန်းခွင့်ပြုမည်ဖြစ်ပြီး ဖြတ်သန်းခနှုန်းထား မည်မျှကောက်ခံမည်ကို မသိရှိရသေးပေ။

အဆိုပါ ရန်ကုန်-ဒလ တံတားစီမံကိန်းသည် အရှည်မီတာ ၁,၈၆၈၊ အကျယ် ၂၆ ဒသမ ၅ မီတာရှိ လေးလမ်းသွား တံတားတစ်စင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်လာလက စတင်ခဲ့ကာ လက်ရှိတွင် တံတားတစ်စင်းလုံး၏ ပြီးစီးမှုရာခိုင်နှုန်းသည် ၆၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကာ ယခု ၂၀၂၄ ခုနှစ်အတွင်း အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းတံတားကို တောင်ကိုရီးယားနိုင်ငံ၏ EDCF ချေးငွေဖြင့် ကိုရီးယားနိုင်ငံဘက်မှ ဒေါ်လာ ၁၃၈ သန်းဝန်းကျင် ချေးယူပြီး မြန်မာဘက်မှ ဒေါ်လာ သန်း ၃၀ ထည့်ဝင်ကာ စုစုပေါင်း ဒေါ်လာ ၁၆၈ သန်းကုန်ကျမည်ဖြစ်ကြောင်း သိရသည်။