မန်ချက်စတာ စီးတီး အသင်း ပိုင်ဆိုင်ထားတဲ့ အနာဂတ် ဘလွန်းဒီအော ဆုရှင် ကစားသမား

ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်က မန်စီးတီး ကွင်းလယ် ကစားသမား ဖီးလ်ဖိုဒန်မှာ အနာဂတ်တွင် ဘလွန်းဒီအော ဆုရှင် ဖြစ်လာရန် အခွင့်အရေးအများဆုံးရှိနေတဲ့ အင်္ဂလန်ကစားသမားဖြစ်ကြောင်း ချီးကျူးစကား ပြောကြားလာပါတယ်။

မန်စီးတီး အကယ်ဒမီထွက် ဖြစ်တဲ့ အသက် ၂၃ နှစ်ရှိ ဖီးလ်ဖိုဒန်ဟာ ယခုရာသီတွင် မန်စီးတီးအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၁၅ ဂိုးသွင်းထားကာ ၁၀ ကြိမ် ဖန်တီးမှု ပြုလုပ်ထားသူလည်း ဖြစ်ပါတယ်။

ဘလွန်းဒီအော ဆုကို France Football မဂ္ဂဇင်းက ကြီးမှူးချီးမြှင့်တာ ဖြစ်ပြီး နောက်ပိုင်းတွင် ယူအီးအက်ဖ်အေနှင့် ပူးပေါင်း ချီးမြှင့်ပါတယ်။

အင်္ဂလန်နိုင်ငံမှ နောက်ဆုံး ဘလွန်းဒီအော ဆု ရရှိခဲ့တာ မိုက်ကယ်အိုဝင်ဖြစ်ပြီး ၂၀၀၁ ခုနှစ်တွင် ဆွတ်ခူးခဲ့တာပါ။

ဖရန့်က “ဖီးလ်ဖိုဒန်က အရမ်းကောင်းတဲ့ ကစားသမားတစ်ဦးပါ။ ကျွန်တော့်အတွက်တော့ အနာဂတ်မှာ ဘလွန်းဒီအော ဆု ရနိုင်ခြေ အများဆုံး အင်္ဂလန်ကစားသမားပါ။ သူ့မှာ အဲဒီအဆင့်အထိ အလားအလာရှိပါတယ်”လို့ ပြောကြားသွားပါတယ်။

ဖိုဒန်ဟာ ဖေဖော်ဝါရီလ ၅ ရက်နေ့တုန်းက ဘရန့်ဖို့ဒ်ကို ၃-၁ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

မန်စီးတီးဟာ ယနေ့ညတွင် အီတီဟတ်ကွင်းတွင် ဘရန့်ဖို့ဒ်အား ဧည့်ခံကစားရပါမှာ ဖြစ်ပါတယ်။