ဝေဖန်နေသူတွေရဲ့ ပါးစပ်ကို ဟာလန်းက ပိတ်မှာ၊ အနှေးနဲ့ အမြန်ပဲ လို့ ပက် ဂွါဒီယိုလာ ဝမ်နင်ပေးလာပြီ

မန်စီးတီး နည်းပြ ပက်ဂွါဒီယိုလာက အာလင်းဟာလန်းကို မဝေဖန်ကြရန်နှင့် ဝေဖန်နေသူများရဲ့ ပါးစပ်ကို နော်ဝေ တိုက်စစ်မှူးက ပိတ်လာမည်ဖြစ်ကြောင်း သတိပေးပြောကြားလာပါတယ်။

အာလင်းဟာလန်းဟာ စနေနေ့တုန်းက ချဲလ်ဆီးနှင့် သရေကျတဲ့ပွဲတွင် မန်စီးတီးကစားသမားဘဝ တစ်ပွဲတည်းတွင် အခွင့်အရေးအများဆုံးအဖြစ် ၉ ကြိမ်ရခဲ့ပေမဲ့ ဂိုး မရခဲ့ပါဘူး။

ဒါပေမဲ့ သူဟာ မနေ့ညတုန်းက ဘရန့်ဖို့ဒ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ မန်စီးတီးရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးအား ၇၁ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။

ယင်းနိုင်ပွဲကြောင့် မန်စီးတီးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၂ နေရာသို့ တက်လှမ်းလာပြီး ထိပ်ဆုံးမှ လီဗာပူးနှင့် ရမှတ် ၁ မှတ်တည်းသာ ကွာဟလာပါတော့တယ်။

ဂွါဒီယိုလာက “ဂိုးတွေ အများကြီးသွင်းတဲ့ ထိပ်တန်း တိုက်စစ်မှူးတွေ (သို့မဟုတ်) တိုက်စစ်မှူးတွေကို မဝေဖန်ပါနဲ့။ ခင်ဗျားတို့ ပါးစပ်ကို သူ ပိတ်လာမှာ သေချာတယ်။ အနှေးအမြန် သူ ရောက်လာလိမ့်မယ်။

သူဟာ ဒဏ်ရာကြောင့် ၂ လ နားခဲ့ရတယ်။ အကောင်ဆုံးပုံစံမှာ ရှိမနေခဲ့ဘူး။ အဖွားလည်း ဆုံးထားရတော့ ကြီးမားတဲ့ ရက်သတ္တတစ်ပတ်ပါ။ လူဖြစ်ရတာ မလွယ်ဘူး”လို့ ပြောကြားသွားပါတယ်။

အာလင်းဟာလန်းဟာ ဘရန့်ဖို့ဒ်နှင့်ပွဲတွင် အနိုင်ဂိုး သွင်းယူနိုင်ပြီးနောက် ပရီးမီးယားလိဂ်တွင် ပြိုင်ဘက် အသင်း ၂၁ သင်းလုံးအား ဂိုးသွင်းထားနိုင်တဲ့ ကစားသမား ဖြစ်လာပါတယ်။

ယခင်တုန်းက ဟယ်ရီကိန်းက ပရီးမီးယားလိဂ်တွင် ရင်ဆိုင်ဖူးတဲ့ ပြိုင်ဘက် ၃၂ သင်းလုံးအား ဂိုးသွင်းနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ် ရပ်တည်ခဲ့တာ ဖြစ်ပြီး ယခုအခါ အာလင်းဟာလန်းလည်း ပါဝင်လာပြီ ဖြစ်ပါတယ်။