ဒီဘရိုင်း မပါရင် ဆားမပါတဲ့ ဟင်းလို ဖြစ်နေတဲ့ စီးတီး၊ အများကြီး ဖြုန်းပြီး ဟာလန်း တစ်ဂိုးနဲ့ပဲ ဘရန့်ဖို့ဒ်ကို နိုင်သွားတဲ့ ပွဲ

မန်ချက်စတာစီးတီးဟာ အင်္ဂါနေ့ညက ကစားခဲ့တဲ့ ဘရန့်တ်ဖို့ဒ်နဲ့ပွဲစဉ်မှာ အာလင်း ဟာလန်းရဲ့ နောက်ကျသွင်းဂိုးကြောင့် ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ ၁ မှတ်အကွာ အဆင့် ၂ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

အိမ်ရှင် မန်ချက်စတာစီးတီးဟာ ပထမပိုင်းမှာကတည်းက ဂိုးသွင်းခွင့်တွေ အများအပြား ရရှိခဲ့ပေမယ့်လည်း ဘရန့်တ်ဖို့ဒ် ဂိုးသမား ဖလက်ကန် လက်စွမ်းပြ ကာကွယ်နိုင်တာရော အဆုံးသတ်ပိုင်း လိုအပ်ချက်တွေ ရှိနေတာရောကြောင့်ပါ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဘရိုင်းမပါတဲ့ မန်စီးတီးက ဆားမပါတဲ့ ဟင်းလိုဖြစ်နေပြီး အခွင့်အရေးဖန်တီးနိုင်မှုတွေမှာ တော်တော်လေးအားနည်းခဲ့ပါတယ်။

အခွင့်အရေးတွေ ရရှိလာချိန်မှာလည်း ဂိုးသမားဖလက်ကန် လက်စွမ်းပြနေမှုကြောင့် ဦးဆောင်ဂိုးနဲ့ မိနစ်၇၀လောက်အထိ ဝေးကွာနေခဲ့ရပါတယ်။

ဒါပေမယ့် ဘရန့်ဖို့ဒ်နောက်ခံလူ အေဂျာရဲ့ မဖြစ်သင့်တဲ့ ချော်လဲမှုကနေ ဟာလန်းက တောက်လျှောက်ဆွဲပြေးကန်သွင်းကာ အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဘရန့်ဖို့ဒ်ကေ အနိုင်ဂိုးရရှိဖို့ ကြိုးပမ်းတဲ့အနေနဲ့ တိုက်စစ်ကို တော်တော်များများ တက်နေခဲ့ချိန်မှာ မန်စီးတီးက တန်ပြန်တိုက်စစ်ဆင် ထိုးဖောက်ခဲ့တာဖြစ်ပြီး အေယာရဲ့ ကွင်းလယ်မှာ ခြေချော်သွားခဲ့မှုကြောင့် ဟာလန်းက ရှင်းရှင်းလင်းလင်း ဂိုးသွင်းခွင့် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ပွဲပြီးဆုံးခါနီး ၂ မိနစ်အလိုမှာ မန်ချက်စတာစီးတီးတို့ နောက်ထပ် ဦးဆောင်ဂိုး ထပ်မံရရှိဖို့ အခွင့်အရေးရရှိခဲ့ပေမယ့်လည်း ဖိုဒန်ရဲ့ ပင်နယ်တီဧရိယာအစွန်က ကန်သွင်းလိုက်တဲ့ ဘောလုံးကို ဖလက်ကန်က သတိရှိရှိနဲ့ ပုတ်ထုတ်နိုင်ခဲ့လို့ ဂိုးဘားတန်းပေါ်ကနေ ကျော်သွားခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာအနေနဲ့ကတော့ လာမယ့်ပွဲစဉ်တွေမှာ အားနည်းချက်များနေတဲ့ တိုက်စစ်ကို ပြန်လည်ပြင်ဆင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

မန်စီးတီးဟာ ဂိုးသွင်းခွင့် အများအပြားကို ဖြုန်းတီးခဲ့ပြီးနောက် အာလင်း ဟာလန်းရဲ့ သွင်းဂိုးကြောင့် ဒီရာသီ အိမ်ကွင်းမှာ ၉ ပွဲမြောက် နိုင်ပွဲကို ရရှိခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာ လူတန်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမယ့် လီဗာပူးလ်ကို ၁ မှတ် အကွာကနေ ဖိအားပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။